ဒီပဲယင်း လက်ယက်ကုန်းရွာမှာ လက်နက်ကြီးကြောင့် အမျိုးသမီးနှစ်ဦး သေဆုံး
2023.11.02

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာမှာ နိုဝင်ဘာလ ၁ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲလို့ အမျိုးသမီး နှစ်ဦး သေဆုံးခဲ့သလို နောက်ထပ် ဒေသခံ နှစ်ဦးလည်း ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပဲယင်းမြို့နယ်နဲ့ ကပ်ရပ်ဖြစ်တဲ့ ရေဦးမြို့နယ်ထဲကနေ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ရာမှာ လက်ယက်ကုန်းရွာထဲကို ကျရောက်ပေါက်ကွဲပြီး သေဆုံးထိခိုက်မှုတွေ ဖြစ်ခဲ့တာလို့ ရေဦးဒေသခံတစ်ဦးက ပြောပါတယ်။
"ရေဦးတိုင်းရင်းဆေးရုံကနေပြီးတော့ ကားကြီးသုံးစီးနဲ့ လက်နက်ကြီးအပါအဝင် အင်အားအပြည့်နဲ့လာပြီး ရေဦးအနောက်ပေါက် ရွှေကျီးမင်း သူတို့စခန်းချထားတဲ့ နေရာကနေ လက်နက်ကြီးနဲ့ပစ်တယ်။ အဲဒီမှာ ဒီပဲယင်းနဲ့ လက်ယက်ကုန်းကိုကျပြီး သေဆုံးထိခိုက်မှုတွေဖြစ်ခဲ့တာ"
သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရဲ့ နာမည်၊ အသက်စတဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူကဆိုပါတယ်။
မနေ့က ညပိုင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဟာ ရေဦးမြို့ပေါ်ကနေ မြို့ပတ်ပတ်လည်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ရေဦးမြို့နယ် ဖိန်းကားရွာက ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးလည်း ဒဏ်ရရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒီပဲယင်းနဲ့ ရေဦးမြို့နယ်ထဲက ရွာတချို့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြတာလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်က အောက်တိုဘာလ နောက်ဆုံးနှစ်ပတ်အတွင်း ရွာစဉ်လှည့် စစ်ကြောင်းထိုးချိန်မှာတော့ အရပ်သားရှစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး နောက်ထပ်လူ ၁၉ ဦးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အောက်တိုဘာလ ၃၀ ရက်နေ့ကတော့ ဒီပဲယင်းမြို့နယ်ထဲကိုဝင်ခဲ့တဲ့ အဲဒီစစ်ကြောင်းဟာ ရေဦးမြို့နယ် မစိုးရိမ်ရွာကို ဝင်ရောက်စီးနင်းပြီး ကာကွယ်ရေးအဖွဲ့ဝင် နှစ်ဦး၊ အရပ်သား နှစ်ဦး၊ စုစုပေါင်း လူလေးဦးကိုလည်း ထပ်မံသတ်ဖြတ်ခဲ့တယ်လို့ ရေဦးဒေသခံတွေက ပြောပါတယ်။
ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၂ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၅၀၀) ရှိလာပါတယ်။