ဒီပဲယင်းမှာ ရဟတ်ယာဉ်နဲ့ လာပစ်တာကြောင့် ဒေသခံ တစ်သောင်းနီးပါး ထွက်ပြေးနေရ

2022.01.14
ဒီပဲယင်းမှာ ရဟတ်ယာဉ်နဲ့ လာပစ်တာကြောင့် ဒေသခံ တစ်သောင်းနီးပါး ထွက်ပြေးနေရ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း ပျံသန်းနေတဲ့ စစ်ရဟတ်ယာဉ်တစ်စင်းကို ၂၀၂၂ ဇန်နဝါရီ ၁၄ ရက်နေ့ကတွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းက ညောင်လှ၊ ယဉ်ကျေးနဲ့ နများရွာတွေကို ဇန်နဝါရီလ ၁၄ ရက် ဒီနေ့ မှာ စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်သုံးစီးနဲ့ ပစ်ခတ်သွားတာကြောင့် အနီးအနားရွာတွေအပါအဝင် ရွာပေါင်း ၁၄ ရွာကဒေသခံ ၁၀၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

၁၅ မိနစ်နီးပါး လာရောက် ပစ်ခတ်သွားတာဖြစ်ပြီး လတ်တလော ထိခိုက်မှု အသေးစိတ်တော့ မသိရ သေးဘူးလို့ လုံခြုံရေးအရ မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“Mi 35 ရဟတ်ယာဉ်တစ်စင်းပါတယ်၊ နှစ်စင်းက ကောင်းကင်မှာဝဲပြီး တစ်စင်းကပစ်တာ၊ နောက်တော့ သူတို့စစ်သားတွေ ချသွားတယ်၊ လောလောဆယ်တော့ အကုန်လုံး လေကြောင်းနဲ့ လွတ်တဲ့ရွာတွေကို ထွက်ပြေးနေကြတယ်၊ ဒီနယ်တွေမှာ သူတို့ကို တော်လှန်နေတဲ့သူတွေ ရှိတယ်လို့ သတင်းပေးတဲ့သူရှိလို့ အခုလိုလုပ်တာနေမှာ”

အဲဒီရဟတ်ယာဉ်တွေဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က လာတဲ့ ရဟတ်ယာဉ်တွေဖြစ်ပြီး ချသွားတဲ့ စစ်သားအင်အားကိုတော့ လတ်တလော မခန်းမှန်းနိုင်သေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဟာ သူတို့ကို အပြင်းအထန် ခုခံတော်လှန်နေတဲ့ စစ်ကိုင်း၊ မကွေးနဲ့ ကယားပြည်နယ်တွေကို လေကြောင်း အသုံးပြုပြီး ပစ်ခတ်တာတွေ မကြာခဏပြု လုပ်နေတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။