DJ Violet (ခေါ် ) မထွေးမွန် မြစ်ကြီးနားလေဆိပ်မှာ ဖမ်းဆီးခံရ
ဒီဂျေ Violet ခေါ် မထွေးမွန်ကို မတ်လ ၃ ရက်နေ့ ညနေပိုင်းက မြစ်ကြီးနားလေဆိပ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခဲ့တယ်လို့ ကိုယ်တိုင်တွေ့ခဲ့သူက ပြောပါတယ်။
-
RFA Burmese
2023-04-04 -
-
-
ဒီဂျေ (DJ) Violet ခေါ် မထွေးမွန်ကို မတ်လ ၃ ရက်နေ့ ညနေပိုင်းက မြစ်ကြီးနားလေဆိပ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခဲ့တယ်လို့ ကိုယ်တိုင်တွေ့ခဲ့သူတွေက ပြောပါတယ်။
အသက် ၂၀ ကျော်အရွယ် မထွေးမွန်ဟာ မြစ်ကြီးနားကနေ မန္တလေးမြို့ကိုသွားဖို့ လေယာဉ်စောင့်ဆိုင်းနေချိန်မှာ လေဆိပ်ဝန်ထမ်းတချို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာဖမ်းသွားတာလို့ ဆိုပါတယ်။
သူတစ်ဦးတည်းကိုပဲ ဖမ်းဆီးခေါ်ဆောင်သွားတာ တွေ့ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကိုယ်တိုင်တွေ့ခဲ့ရသူတစ်ဦးက RFA ကို ပြောပါတယ်။
"ဧပြီ ၁ ရက်နဲ့ ၂ ရက် 831Bar မှာ သူ ခေါင်းဆောင် (Head Liner) အနေနဲ့ ဒီဂျေတီးတယ်။ ၃ ရက်နေ့ မန္တလေးကို ပြန်ဆင်းတော့ လေဆိပ်မှာ ပြန်တွေ့တာပဲ။ လ၀က (Immigration) ဝင်ပြီး ထွက်ခွာ (Departure) မှာ စောင့်နေတုန်း လူ ၁၀ ဦးလောက်က ရုတ်ရုတ်နဲ့ သူ့အနားကပ်ပြီး စကားပြောတယ်။ ပြီးတော့ လေဆိပ်ဧည့်ခန်းမကို ခေါ်သွားတာ တွေ့ရတာပဲ"
ဘာကြောင့်ဖမ်းဆီးခံရသလဲဆိုတာ အသေးစိတ်သိရဖို့ မိသားစုဝင်တွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဧပြီလ ၄ ရက်နေ့ ညနေပိုင်းအထိ ဆက်သွယ်လို့မရခဲ့ပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း အကြောင်းပြန်ဖြေဆိုတာ မရှိပါဘူး။
မတ်လအတွင်းကတော့ DJ Violet ကို ဖမ်းဆီးအရေးယူဖို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကနေ လှုံ့ဆော်ရေးသားမှုတချို့ ရှိခဲ့ပါတယ်။