CDM ကျောင်းဆရာမအပါအဝင် ရှစ်ဦး အဖမ်းခံရ

2022.03.06
CDM ကျောင်းဆရာမအပါအဝင် ရှစ်ဦး အဖမ်းခံရ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၂၀၂၁ မတ် ၃ ရက်နေ့က တွေ့ရစဉ်။
Photo - CJ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ သဲဖြူရွာမှာ အာဏာဖီဆန်ရေး CDM လုပ်ထားတဲ့ ကျောင်းဆရာမ နဲ့ ခရစ်ယာန်တရားဟော ဆရာမ အပါအဝင် ရွာသား ရှစ်ဦးကို မတ်လ ၅ ရက် က စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာအုပ်ချုပ်ရေးမှူးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သတင်းပေးပြီး ဖမ်းခိုင်းတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"သပြေပင်ရွာက အုပ်ချုပ်ရေးမှူးနဲ့ နောက်နှစ်ယောက်က အသတ်ခံလိုက်ရတယ်ဗျာ။ အဲဒီဟာလည်း ပါတယ်ပေါ့နော်။ သဲဖြူရွာမှာက ကျောင်းတက်တဲ့သူတွေ များတယ်ဗျ။ အဲဒီမနက်မှာ ရွာအုပ်ချုပ်ရေးမှူးက စစ်တပ်ကိုခေါ်ပြီး ဖမ်းခိုင်းတာ"

သဲဖြူရွာအနီးက ချင်းသပြေပင်လှရွာ အုပ်ချုပ်ရေးမှူး ဦးနန်းတင်နဲ့ နောက်နှစ်ဦးကို ပြီးခဲ့တဲ့ မတ်လ ၄ ရက် မှာ ဂဠုန်ရာဇာပျောက်ကြားအဖွဲ့က လုပ်ကြံသတ်ဖြတ်ပြီးနောက် သဲဖြူရွာသားတွေကို သံသယနဲ့ လာရောက်ဖမ်းဆီးတာလို့ ပြောပါတယ်။

ခရစ်ယာန်ဘာသာဝင်တွေဖြစ်ကြတဲ့ ဒေသခံတွေဟာ သဲဖြူရွာက ခရစ်ယာန် ဘာသာရေးကျောင်းကို တစ်ခြားရွာက လူငယ်တွေ ကျောင်းလာတက်ကြပါတယ်။

အဲဒီကျောင်းထဲကို စစ်တပ်ကဝင်ရောက်ဖမ်းဆီးရာ CDM ကျောင်းဆရာမတစ်ဦးနဲ့ တရားဟော ဓမ္မ ဆရာမ တစ်ဦးအပါအဝင် စုစုပေါင်း အယောက် ၃ဝ ကို ကနဦး ဖမ်းဆီးသွားတာပါ။

CDM ကျောင်းဆရာမ နဲ့ ခရစ်ယာန်တရားဟော ဆရာမ အပါအဝင် ရွာသား ရှစ်ယောက် ကို တောင်တွင်းကြီးမြို့ စစ်တပ်ထဲမှာ ဖမ်းဆီးထားပြီး ကျန်တဲ့သူတွေကိုတော့ မတ်လ ၅ ရက် ညပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။