သမီးလေးရွာ ဒုက္ခသည်များ DKBA ခေါ်ယူလို
ပဲခူးတိုင်းဒေသကြီး အလံနီကျေးရွာ က အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ လှည်းကူးမြို့နယ်၊ သမီးလေးကျေးရွာက ဒုက္ခသည် အိမ်ထောင်စု ၁၄၀ နီးပါး ကို သူတို့ဆန္ဒရှိရင် ကရင်ပြည်နယ်ကို ခေါ်ဆောင်သွားမယ် လို့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA စစ်ဗျူဟာမှူးက ပြောဆိုခဲ့ကြောင်း သိရပါတယ်။
-
2014-02-17 -
-
-
Your browser doesn’t support HTML5 audio
ပဲခူးတိုင်းဒေသကြီး အလံနီကျေးရွာက အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ လှည်းကူးမြို့နယ်၊ သမီးလေးကျေးရွာက ဒုက္ခသည် အိမ်ထောင်စု ၁၄၀ နီးပါးကို သူတို့ဆန္ဒရှိရင် ကရင်ပြည်နယ်ကို ခေါ်ဆောင် သွားမယ်လို့ ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် DKBA စစ်ဗျူဟာမှူးက ပြောဆိုခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က အဲဒီဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင် လာရောက်ကြည့်ရှု ခဲ့ပါတယ်။ အဲဒီနောက် ဒုက္ခသည်တွေကို ဆန္ဒရှိရင် ကရင်ပြည်နယ် ကို ခေါ်သွားမယ်လို့ ဗိုလ်မှူးကြီး စော ဆန်းအောင်က ပြောဆိုကြောင်း အောင်သိဒ္ဓိ ကျောင်း တိုက်ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ပါတယ်။
"သူလည်းပြောပြပါတယ်၊ ကျနော်တို့ တိုက်ပွဲဖြစ်တုန်းက တောထဲမှာပြေးနေ လွှားနေတာတောင်မှ ဒီလိုမျိုးဒုက္ခ မရောက်ဘူးပေါ့လေ၊ အမိုးအကာလုံလုံခြုံခြုံ ရှိသေးတယ်ပေါ့၊ အခုက အမိုးအကာ မလုံခြုံပဲနဲ့ နေနေရတာတဲ့၊ ဒီအထဲက အနာဂတ် သားသမီးကောင်းတွေ အများကြီးပါလာနိုင်တယ်၊ အဲဒီအတွက် ကျနော် ကိုယ့်တိုင်းရင်းသားအချင်းချင်း လူသားချင်း စာနာထောက်ထားတာပေါ့နော်၊ ဘာနိုင်ငံရေးမှ မပါပါဘူးတဲ့၊ လိုက်မယ်ဆိုရင် တကယ် ဆင်းရဲဒုက္ခ ရောက်နေတယ်ဆိုလို့ရှိရင် သူတို့ဒေသကို ခေါ်သွားပါမယ်တဲ့၊ အခု မြဝတီဒေသနားမှာ မြို့သစ်တည်နေတယ်ဆိုလားပဲ"
လှည်းကူးမြို့နယ် သမီးလေးကျေးရွာမှာ နေထိုင်သူတွေကို တပ်ပိုင်မြေနေရာနဲ့ မလွတ်ကင်းလို့ဆိုပြီး ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၄ ရက် အာရုံတက်ချိန်လောက်မှာ အဲဒီရွာက အိမ်ခြေ ၄၀၀ နီးပါးလောက်ကို စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့စည်ပင်က ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။ အဲဒါကြောင့် အဲဒီရွာက ပြောင်းရွှေ့လာရသူတွေဟာ အောင် သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတာပါ။ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေသူတွေကို ဖယ်ရှားပေးဖို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြီးခဲ့တဲ့စနေနေ့က ထပ်မံသတိပေးခဲ့ပါတယ်။ မနေ့ကတော့ ခိုလှုံနေသူ မိသားစုတွေထဲက ကျောင်းသူကျောင်းသားတွေရှိတဲ့ မိသားစုတွေနေတဲ့နေရာတွေကို အာဏာပိုင်တွေက နံပါတ်တွေ လာကပ်သွားခဲ့တယ်လို့ သိရပါတယ်။
အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ သမီးလေးကျေးရွာက ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဆရာတော် ဦးအဂ္ဂဓမ္မကို ဦးတင်အောင်ခိုင် ဆက်သွယ်လျှောက်ထား မေးမြန်းခဲ့ပါတယ်။