KNU နဲ့ ပေါင်းစည်းရေး ဆက်ဆွေးနွေးမယ်လို့ DKBA ပြော

ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) တို့အကြား ပြန်လည်ပေါင်းစည်းရေးအတွက် နှုတ်အားဖြင့် သဘောတူပြီးဖြစ်တာကြောင့် ပေါင်းစည်းနိုင်ရေး ဆက်လက် ဆွေးနွေးသွားမယ်လို့ DKBA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီးက RFA ကို ဒီနေ့ပြောပါတယ်။
“စာတွေ ထွက်တယ်လေ။ အဲဒီအတိုင်း ဟုတ်ပါတယ်။ နှုတ်အားဖြင့် သဘောတူပြီးပြီပေါ့။ ညှိနှိုင်းတာပဲ ရှိသေးတယ်။ ဆွေးနွေးသွားဖို့လည်း ရှိတယ်။ ဆက်ဆွေးနွေးရမယ်။ အချိန်ယူ ရဦးမယ်။ ဒါပေမဲ့ နံပါတ် ၅ အချက်ကတော့ ကျနော်တို့ သဘောထားနဲ့ မတိုက်ဆိုင်သေးဘူး။ အဲဒါကြောင့် ကန့်ကွက်ကြောင်း ပြန်ထုတ်ပြန်ထားပါတယ်”
ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့က KNU နဲ့ DKBA အဖွဲ့တွေရဲ့ နှစ်ဖက်စစ်ရေး ဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ ဆုံမှုအပြီး အချက် ငါးချက်ကို သဘောတူညီခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့မှာ KNDO ကနေ ထုတ်ပယ်ခံထားရတဲ့ KNDO စစ်ဦးစီးချုပ် ဟောင်း ဗိုလ်ချုပ် စောနယ်ဒါးမြ က ကော်သူးလေ တပ်မတော် ဖွဲ့စည်းတည်ထောင် ကြောင်း ထုတ်ပြန်ကြေညာမှုအပြီးမှာပဲ နှစ်ဖက် တွေ့ဆုံပွဲတွေ ပေါ်ပေါက်လာတာပါ။
တွေ့ဆုံပွဲကနေ သဘောတူခဲ့ကြတဲ့ အချက်ငါးချက်ထဲက ပထမဆုံး တစ်ချက်မှာ ဗိုလ်ချုပ် စောနယ်ဒါးမြ ဖွဲ့စည်းခဲ့တဲ့ ကော်သူးလေ တပ်မတော်ကိစ္စနဲ့ ပတ်သက်ပြီး KNU က ဒုဗိုလ် မှူးကြီး နယ်ဒါးထူးနဲ့ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စတီးတို့ကနေ ညှိနှိုင်းဆွေးနွေး ကိုင်တွယ်ဖို့ တာဝန်ပေးထားပါတယ်။
နံပါတ်နှစ်အချက်ကတော့ KNU နဲ့ DKBA နှစ်ဖွဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် နှုတ်အား ဖြင့် သဘောတူပြီး ဖြစ်တယ်လို့ ဆိုထားပါတယ်။ လတ်တလော အောက်ခြေတပ်ဖွဲ့ဝင်တွေ တစုတစည်းတည်းဖြစ်ကြောင်း ယာယီ အမှတ်တံဆိပ်တစ်ခုကို ညှိနှိုင်းတပ်ဆင်သွားမယ် လို့လည်း ဆိုပါတယ်။
နံပါတ်သုံးအချက်အနေနဲ့ကတော့ ဖြစ်နိုင်ရင် နှစ်ဖက်တွေ့ဆုံမှုကို တစ်လတစ်ကြိမ်လုပ်ဖို့ သဘောတူ ဆုံး ဖြတ်ခဲ့ကြပါတယ်။
နံပါတ်လေးအချက်ကတော့ KNU ဗဟိုကနေ DKBA အတွက် ထုတ်ပြန်ထားတဲ့ ၁/၉၄ ထုတ်ပြန်ကြေညာချက်ကို ပြန်လည်ဖျက်သိမ်းပေးဖို့ သဘောတူဆုံးဖြတ်ကြောင်း ဖော်ပြထားပါတယ်။
၁/၉၄ ကတော့ KNU ကနေ DKBA ခွဲထွက်ခဲ့စဉ်က KNU ဘက်ကနေ ရန်သူအဖွဲ့အစည်း အနေနဲ့ သတ်မှတ်ခဲ့တဲ့ စာဖြစ်လို့ ပြန်ရုပ်သိမ်းဖို့ ထည့်သွင်းခဲ့တာလို့ ဆိုကြပါတယ်။
နောက်ဆုံး နံပါတ်ငါးအချက်မှာတော့ လတ်တလော ဖြစ်ပေါ်နေတဲ့ စစ်ကောင်စီရဲ့ ထိုးစစ်ပြီးဆုံးစေရေးအတွက် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စတီးကနေ တာဝန်ယူပြီး စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ သဘောတူဆုံးဖြတ်ခဲ့ပြီး တကယ်လို့ စစ်တပ်ဘက်က အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာရင် အတူတကွ ပူးပေါင်း ဆောင်ရွက်သွားဖို့ သဘောတူ ဆုံးဖြတ်တယ်လို့ ဖော်ပြထားတာပါ။
အဲဒီလို သဘောတူ ဆုံးဖြတ်ပြီးလို့ နောက်တစ်ရက် ဩဂုတ်လ ၄ ရက်နေ့မှာတော့ နံပါတ်ငါးအချက်ကို သူတို့နဲ့ သဘောထား မတိုက်ဆိုင်လို့ DKBA ဘက်က သဘော မတူနိုင်ဘူးလို့ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး လက်မှတ်နဲ့ ထုတ်ပြန် လာပါတယ်။
ဒီသဘောတူညီမှုနဲ့ ပတ်သက်ပြီး KNU ဘက်ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။
ဩဂုတ် ၃ ရက်နေ့က KNU နဲ့ DKBA တို့ တွေ့ဆုံဆွေးနွေးပွဲကို KNU ဘက် အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုတာဒိုမှူး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီ၊ ကာကွယ်ရေး ဌာနတာဝန်ခံ ဗိုလ်မှူးကြီး ရောကျယ်ခင်၊ ကျေးရွာ အုပ်စုမှူး ဗိုလ်ကြီး ထောပလို့၊ တပ် မဟာ ၇ တပ်မှူး ဗိုလ်မှူးချုပ် ဖောဒို့၊ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး နယ်ဒါးထူး၊ တပ်ခွဲမှူး ဗိုလ်ကြီး မူးဂေတို့ တက်ရောက်ခဲ့ပါတယ်။
DKBA ဘက်ကတော့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စတီး (စောစတီး)၊ စစ်ဆင်ရေးမှူး ဗိုလ်မှူးကြီးဆန်းအောင်၊ ဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ရွှေဝ၊ စစ်ထောက်ချုပ် ဗိုလ်မှူးကြီး ကြာညူး၊ ကွပ်ကဲရေး- ၁ မှူး ဗိုလ်မှူးချုပ် စိုင်းကျော်လှ၊ ဌာနချုပ် G2 ဗိုလ်မှူး စမင်း၊ စစ်ရေးချုပ် ဗိုလ်မှူးကြီး စိန်ဝင်းတို့ တက်ရောက်ခဲ့ကြပါတယ်။