တိုင်းရင်းသားပေါင်းစုံ နှီးနှောပွဲ ၂ဝဝဂ အခြေခံ ဥပဒေ ပြင်ဆင်ရေး တောင်းဆို

ကရင်ပြည်နယ် မြဝတီမြို့ ဆုံစည်းမြိုင်ကျေးရွာမှာ (DKBA) ကလိုထူးဘောတပ်ဖွဲ့က ဦးစီးပြီး ဇွန်လ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ၃ ရက်ကြာကျင်းပခဲ့တဲ့ တိုင်းရင်းသားပေါင်းစုံ သဘောထားအမြင် နှီးနှောဖလှယ်ပွဲ ကနေ အချက် ၈ ချက်ပါတဲ့ သဘောထားကြေညာချက်တစ်ခု ကို ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ သဘောထား အမြင် နှီးနှောဖလှယ်ပွဲ ကို မြဝတီမြို့ ဆုံဆည်းမြိုင်ကျေးရွာရှိ DKBA ဌာနချုပ်တွင် ကျင်းပနေစဉ်။ Photo:RFA/Kyaw Htoon Naing

ကရင်ပြည်နယ် မြဝတီမြို့ ဆုံစည်းမြိုင်ကျေးရွာမှာ (DKBA) ကလိုထူးဘောတပ်ဖွဲ့က ဦးစီးပြီး ဇွန်လ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားပေါင်းစုံ သဘောထားအမြင် နှီးနှောဖလှယ်ပွဲကနေ အချက် ၈ ချက်ပါတဲ့ သဘောထားကြေညာချက်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။

ဒီနေ့ထုတ်ပြန်ချက်မှာပါဝင်တဲ့ အချက်တချို့ကို DKBA ကလိုထူးဘောတပ်ဖွဲ့ ဗိုလ်မှူးစန်းအောင်က RFA ကို အခုလို ပြောပါတယ်။

"နံပါတ် ၁ အချက်က ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကိစ္စရပ်များကို မဖြေရှင်းနိုင်သည့်အတွက် ပြန်လည်ရေးဆွဲရန်၊ နံပါတ် ၂ အချက်က စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာဖို့အတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် တမျိုးသားလုံးပါဝင်သော ညီလာခံကြီးတစ်ရပ်ခေါ်ယူရန်၊ ၃ အချက် မတရားသည့် ဥပဒေများကို ပယ်ဖျက်ရန်နှင့် ကန့်သတ်ချုပ်ချယ်မှုကင်းသော အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို အမြန်ဆုံးကြေညာပေးရန်တို့ဖြစ်ပါတယ်"

ဒါ့အပြင် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ အညီ ဆောင်ရွက်ဖို့၊ ငြိမ်းချမ်းရေး ဆွေးနွေးစဉ်ကာလ သဘောတူညီချက်တွေကို အစိုးရတပ်တွေအနေနဲ့ အတိအကျ လိုက်နာဆောင်ရွက်ဖို့နဲ့ အလုပ်သမား၊ လယ်သမားတွေရဲ့ အခက်အခဲတွေကို မှန်ကန်စွာဖြေရှင်းဆောင်ရွက်ပေးဖို့ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။

ဒီကြေညာချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် တက်ရောက်လာသူတွေထဲက အဖွဲ့ဝင် ၁၇ ဦးပါဝင်တဲ့ အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့က ကိုယ်စားလှယ်တွေ၊ မြဝတီမြို့နယ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေအပြင် ပြည်ပအခြေစိုက် နိုင်ငံရေးအဖွဲ့အစည်းတွေဖြစ်တဲ့ ABSDF ကျောင်းသားအဖွဲ့၊ မဲဆောက်အခြေစိုက် NLD (LA) အဖွဲ့အပါအဝင် အဖွဲ့အစည်း ၃ဝ ခန့်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org