ပြည်တွင်းရွှေစျေးနဲ့ အမေရိကန်ဒေါ်လာစျေးနှုန်း အနည်းငယ်ပြန်တက်

2022.01.13
ပြည်တွင်းရွှေစျေးနဲ့ အမေရိကန်ဒေါ်လာစျေးနှုန်း အနည်းငယ်ပြန်တက် အမေရိကန်ဒေါ်လာကို တွေ့ရစဉ်
AFP Photo

စစ်တပ်က အာဏာသိမ်းပြီးကတည်းက စျေးကွက်မတည်ငြိမ်မှုအပြင် စံချိန်တင်မြင့်တက်မှုတွေအထိဖြစ်ခဲ့တဲ့ အမေရိကန်ဒေါ်လာဈေးနဲ့ ပြည်တွင်းရွှေဈေးဟာ ဇန်နဝါရီ ပထမပတ်အထိ တည်ငြိမ်နေရာကနေ ဒီရက်ပိုင်း အတွင်း အနည်းငယ်ပြန်တက်လာပါတယ်။

ဇန်နဝါရီလ ၁ ရက်နေ့က ပြည်တွင်းရွှေဈေးကွက်မှာ အခေါက်ရွှေ တစ်ကျပ်သားကို ၁၈၂၀၀၀၀ ကျပ်ကျော် ရှိခဲ့ရာက ဇန်နဝါရီလ ၁၃ ရက် ဒီနေ့မှာတော့ ၁၈၅၇၀၀၀ အထိဖြစ်လာသလို အမေရိကန်ဒေါ်လာစျေး ကလည်း ပြင်ပအရောင်းအဝယ်စျေးကွက်မှာ တစ်ဒေါ်လာကို ၁၈၀၀ ကျပ်ဝန်းကျင်ကနေ ၁၉၆၀ ကျပ်အထိ ဈေးနှုန်းဖြစ်လာနေပါတယ်။

ပုဂ္ဂလိကဘဏ်တွေဖြစ်တဲ့ KBZ ဘဏ်နဲ့ AYA ဘဏ်မှာတော့ ဇန်နဝါရီလ ၁၃ ရက် ဒီကနေ့ ဒေါ်လာစျေး ၁၇၈၆ ကျပ် ပေါက်စျေးရှိနေပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာပြီး အမေရိကန်ဒေါ်လာဈေးနှုန်း မြင့်တက် လာတဲ့အပြင် နောက်ဆက်တွဲအနေနဲ့ ရွှေနဲ့စက်သုံးဆီဈေးနှုန်းတွေပါ လိုက်မြင့်တက်လို့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက RFA ကို ပြောပါတယ်။

"မနေ့က ဒေါ်လာဈေး ၂၀၃၀ ထိရှိတယ်၊ ဒီနေ့တော့ ၇၀ ပြန်ကျသွားတာပေါ့၊ ဗဟိုဘဏ်ဈေးက ၁၇၀၀ ကျော်ပဲရှိပေမယ့် ပြင်ပဈေးကွက်နဲ့ပဲ အရောင်းအဝယ်လုပ်ရတော့ ဒီလိုတက်လိုက်ကျလိုက်က လုပ်ရ ကိုင်ရတာ တော်တော်အဆင်မပြေဘူး"

အမေရိကန်ဒေါ်လာဈေးနှုန်း ရုတ်တရက်မြင့်တတ်လာတာဟာ ဈေးကွက်အတွင်း ပို့ကုန်တင်ပို့မှု ရငွေရှားပါးတာနဲ့ ဒေါ်လာအဝယ်လိုက်ခြင်းတို့အပြင် နိုင်ငံရေးမတည်ငြိမ်မှုတွေလည်း ပါဝင်တယ်လို့ ဒေါက်တာ စိုးထွန်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်တုန်းက ပြင်ပအရောင်းအဝယ်စျေးကွက်မှာ အမေရိကန်ဒေါ်လာစျေး ၂၇၀၀ ကျပ်နဲ့ ရွှေစျေး ၂၂ သိန်းအထိ စံချိန်တင်မြင့်တက်ခဲ့တာပါ။

စစ်တပ်က အာဏာမသိမ်းခင်က အမေရိကန်တစ်ဒေါ်လာကို ကျပ်ငွေ ၁၃၀၀ ဝန်းကျင်သာရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေစျေး ဆက်တိုက်ကျဆင်းလာတာဖြစ်ပါတယ်။

ဒေါ်လာစျေးနှုန်းကို ထိန်းချုပ်နိုင်ဖို့အတွက် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာတွေ ဆက်တိုက်ထုတ် ရောင်းနေပြီး ဇန်နဝါရီလ ၁၂ ရက်မနေ့ကလည်း တစ်ဒေါ်လာကို ၁၇၈၈ ကျပ်နဲ့ ဒေါ်လာ ၁၅ သန်း ထပ်မံရောင်းချပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။