ဖွဲ့စည်းပုံ အခြေခံဥပဒေကြမ်းတစ်ခု ၂ လအတွင်း အပြီးသတ်ရေးဆွဲမည်
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းအသစ်တစ်ခုကို ၂ လအတွင်း အပြီးရေးဆွဲသွားမယ်လို့ လက်နက်ကိုင်တိုင်းရင်းသား ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွှတ်သော တိုင်းရင်းသား ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့နဲ့ ပြည်တွင်းအခြေစိုက် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA တို့က ထုတ်ဖေါ်ပြောဆိုပါတယ်။
-
2013-09-05 -
-
-
Your browser doesn’t support HTML5 audio
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းအသစ်တစ်ခုကို ၂ လအတွင်း အပြီးရေးဆွဲသွားမယ်လို့ လက်နက်ကိုင်တိုင်းရင်းသား ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွှတ်သော တိုင်းရင်းသားဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့နဲ့ ပြည်တွင်းအခြေစိုက် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA တို့က ထုတ်ဖေါ်ပြောဆိုပါတယ်။
ရေးဆွဲမည့်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းအသစ်အတွက် အဖွဲ့ခွဲ ၃ ခုဖွဲ့စည်းပြီးဆောင်ရွက်နေကြောင်း UNFC က သြဂုတ်လ ၂၈ ရက်နေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ထုတ်ပြန်ချက်အရ လာမယ့်နိုဝင်ဘာလကုန်မှာ မူကြမ်းကိုအပြီးရေးဆွဲမှာ ဖြစ်တယ်လို့ဆိုပါတယ်။
ဒီမူကြမ်းဟာ လွှတ်တော်က ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုပြင်ဆင်တဲ့လုပ်ငန်းနဲ့ အပြိုင်ဆောင်ရွက်နေတာဖြစ်ပေမယ့် တချိန်မှာပူးပေါင်းဆောင်ရွက်မူတွေ လုပ်နိုင်မှာဖြစ်တယ်လို့ UNA အဖွဲ့က ဦးစိုင်းညွန့်လွင်က ပြောပါတယ်။
“လောလောဆယ်ကတော့ မျဉ်းပြိုင်သွားနေမှာပဲ၊ ဒါပေမယ့် တချိန်မှာတော့ဆုံရမှာပဲ၊ မဆုံလို့မရဘူး၊ ဒီမူကြမ်းပေါ်လာလို့ရှိရင် UNFC နဲ့ UNA အဖွဲ့ကြီးနှစ်ခုရဲ့ သဘောထားပဲဖြစ်မှာပဲ၊ တကယ်လို့ လွှတ်တော်ထဲကလုပ်တဲ့ဥစ္စာပေါ့နော်၊ သူတို့ဘယ်လိုပြင်မလဲ၊ မပြင်ဘူးလားစသဖြင့် သူတို့ဥစ္စာလည်း သူတို့ဟာတစ်ခုတည်းဖြစ်မှာပဲ၊ ဒီအထဲမှာမပါတဲ့ အဖွဲ့အစည်းတွေ၊ တပ်ပေါင်းစုတွေမှာလည်း သူတို့လည်း သူတို့မူကြမ်းရှိမှာပဲ၊ ဒီမူကြမ်းတွေကိုကိုင်ပြီးတော့မှ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ စပြီးဆွေးနွေးရမှာပဲ၊ ကျနော်တို့က အဲလိုပဲမြင်တယ်”
UNFC အဆိုအရ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြည်ပရောက်တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ရေးဆွဲထားတာဖြစ်ပြီး အခုဆောင်ရွက်တာဟာ ယခင်ရေးဆွဲထားတာတွေကို ပြန်လည်စုစည်းခြင်းသာဖြစ်တယ်လို့ ပြောဆိုပါတယ်။
UNFC အဖွဲ့ဟာ လက်နက်ကိုင်တိုင်းရင်းသား ၁၂ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီး UNA အဖွဲ့ကတော့ ပြည်တွင်းရှိ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်တိုင်ရင်း ဒီမိုကရေစီအဖွဲ့ချုပ်တို့အပြင် ဇိုမီး၊ ကိုးကန်နဲ့ ကချင်နဲ့ ကရင်တိုင်းရင်းသားပါတီ၂ခုတို့ ပါဝင်တာဖြစ်ပါတယ်။
အခုလို မူကြမ်းသစ်ရေးဆွဲနိုင်ဖို့ ဖွဲ့စည်းထားတဲ့ကော်မတီမှာ ဒုတိယခေါင်းဆောင်တာဝန်ယူထားတဲ့ ဦးစိုင်းညွန့်လွင်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။