စစ်မှုထမ်းဥပဒေကို မြို့နယ် ၁၇၀ ကျော်မှာ စစ်ကောင်စီ အကောင်အထည်ဖော်နေ

RFA Burmese
2024.03.23
စစ်မှုထမ်းဥပဒေကို မြို့နယ် ၁၇၀ ကျော်မှာ စစ်ကောင်စီ အကောင်အထည်ဖော်နေ စစ်မှုထမ်းဥပဒေ ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုကို ရန်ကုန်မြို့ရှိ ကျောင်းသားလူငယ်များ ပူးပေါင်းပြီး ၂၀၂၄ ခုနှစ် မတ်လ ၁၇ ရက်နေ့က ပြုလုပ်ခဲ့စဉ်။
Yangon Revolution Force - YRF

စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်ကြောင်းကြေညာလိုက်တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကနေ မတ်လ ၂၂ ရက်နေ့အထိ တစ်လကျော်အတွင်း နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၁၇၂ မြို့နယ်မှာ စတင်အကောင်အထည်ဖော်နေတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က မတ်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

Deta for Myanmar စာရင်းတွေအရ ဒီမြို့နယ် ၁၇၂ မြို့နယ်မှာ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ဖို့ စာရင်းကောက်ယူတာ၊ မဲနှိုက်ရွေးချယ်တာ၊ စစ်မှုထမ်းအသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းဖို့ ဆင့်ခေါ်တာတွေ စတင်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

လူဦးရေများတဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်ကောင်စီက မြို့နယ်အများစုနဲ့ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေက မြို့နယ်တွေမှာလည်း စတင်အကောင်အထည် ဖော်ရွက်နေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ မြို့နယ်တွေမှာတော့ မြို့ပေါ်ရပ်ကွက်တွေနဲ့ နီးစပ်ရာ ကျေးရွာမှာသာ အဓိက ဦးစားပေးလုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒီဥပဒေမှာ အသက် ၁၈ နှစ်ကနေ အသက် ၃၅ အတွင်း အမျိုးသားတိုင်းနဲ့ အသက် ၁၈ နှစ်ကနေ အသက်၂၇ နှစ်အတွင်း အမျိုးသမီးတိုင်း စစ်မှုထမ်းရမယ်လို့ ဖော်ပြထားပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် ပြည်ပနိုင်ငံတွေဆီကို နည်းလမ်းမျိုးစုံနဲ့ ထွက်ခွာနေကြသူတွေရှိသလို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တိမ်းရှောင်နေကြသူတွေ၊ ဒီဥပဒေကို ဆန့်ကျင်နေကြသူတွေရှိပါတယ်။ တစ်ဖက်ကလည်း စစ်ကောင်စီက ကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ခြိမ်းခြောက်အကျပ်ကိုင်တာတွေ ရှိတယ်လို့ တွေ့ကြုံခဲ့ရသူတွေက RFA ကို ပြောထားပါတယ်။ ဒီဥပဒေကို နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကန့်ကွက်နေပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့တွေကလည်း စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရဥပဒေ ဖော်ဆောင်နေသူတွေကို အရေးယူဖို့၊ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆက်သွယ်ပူးပေါင်းဖို့ သတိပေးထားပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ပဲခူးတိုင်းတွေမှာ စစ်မှုထမ်းဖို့ လှုံ့ဆော်တဲ့ အုပ်ချုပ်ရေးမှူး၊ စာရေး၊ ရာအိမ်မှူးနဲ့ ပါဝင်သူအချို့ အသတ်ခံရတာတွေရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။