စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁) စတင်
2024.04.08

ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဥ် (၁) ကို နိုင်ငံတဝန်းက စစ်သင်တန်းကျောင်းတွေမှာ ဧပြီ ၈ ရက်နေ့က သင်တန်းစတင်ဖွင့်လိုက်ပြီလို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေက ဧပြီ ၈ ရက်နေ့ညမှာ ထုတ်ပြန်ပါတယ်။
မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းလာတဲ့ လူငယ်တွေ ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရောက်လာတာလို့ စစ်ကောင်စီက ဆိုပါတယ်။ အပတ်စဉ် (၁) မှာတက်ရောက်နေတဲ့ သင်တန်းသား အရေအတွက် အတိအကျကိုတော့ စစ်ကောင်စီက ထုတ်ပြန်တာမရှိပါဘူး။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ ပြဌာန်းခဲ့ပြီး ဒီနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဥပဒေအသက်ဝင်ကြောင်း စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် မတ်လ ၉ ရက်နေ့မှာ စစ်မှုထမ်းမဲ့သူတွေကို စတင်ဆင့်ခေါ်ခဲ့ပါတယ်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီလ သင်္ကြန်ပြီးမှသာ စစ်မှုထမ်းဖို့စခေါ်မယ်လို့ ပြောကြားခဲ့ပေမဲ့ မတ်လလယ်ထဲက တိုင်းနဲ့ပြည်နယ်အသီးသီးက လူငယ်တွေကို စစ်မှုထမ်းဖို့ စုဆောင်းခဲ့တာပါ။
စစ်မှုထမ်းဖို့အတွက် နိုင်ငံတဝန်းက လူငယ်တွေကို အုပ်ချုပ်ရေးမှူးတွေက မဲနှိုက်ရွေးချယ်သလို မတရားဖမ်းဆီးခေါ်ဆောင်တာတွေရှိကြောင်း သတင်းတွေထွက်နေတာကြောင့် စစ်သင်တန်းမတက်ချင်တဲ့ လူငယ်အများအပြားလည်း ပြည်ပနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
လက်ရှိနိုင်ငံရဲ့ အခြေအနေအရ ပြည်သူအားလုံးပါတဲ့ အမျိုးသားစစ်မှုထမ်းစနစ် မဖြစ်မနေ ကျင့်သုံးဖို့ ဆောင်ရွက်ရတာလို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ပြောထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီက ပြည်သူတွေကို အကြမ်းဖက်လုပ်ရပ်တွေမှာ အဓမ္မပါဝင်စေခိုင်းဖို့နဲ့ လူသားဒိုင်းအဖြစ် အသုံးချဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေအကို အသက်သွင်းလိုက်တာလို့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းတာဟာ ပြည်သူတွေကို အခက်အခဲဖြစ်အောင်လုပ်တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်ထားကြပါတယ်။
စစ်မှုထမ်းရမဲ့ အသက်အပိုင်းအခြားကို အမျိုးသား အသက် ၁၈ နှစ်ကနေ ၃၅ နဲ့ အမျိုးသမီး ၁၈ နှစ်ကနေ ၂၇ ထိ သတ်မှတ်ထားပြီး ဆရာဝန်၊ အင်ဂျင်နီယာ၊ အခြားအတတ်ပညာတစ်ရပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူဆိုရင် အမျိုးသားက ၄၅ နှစ်အထိနဲ့ အမျိုးသမီးက ၃၅ ထိ အကျုံးဝင်ပါတယ်။
ပြည်သူ့စစ်မှုထမ်း ဥပဒေအရ စစ်မှုထမ်းကာလကို နှစ်နှစ်သတ်မှတ်ထားပြီး ကျွမ်းကျင်ပညာရှင်ကို သုံးနှစ်နဲ့ နိုင်ငံတော်ရဲ့အရေးပေါ်ကာလမှာ ငါးနှစ်အထိ တာဝန်ထမ်းဆောင်ရမယ်လို့ သတ်မှတ်ထားပါတယ်။
စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူဟာ တာဝန်မထမ်းဆောင်ဘဲ ငြင်းဆန်ရင် ထောင်ဒဏ် ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရမှာ ဖြစ်ပါတယ်။