ရှမ်းမြောက်က စစ်ဆင်ရေးအတွင်း အရပ်သား သေဆုံးသူ ၁၁ ဦးထိရှိလာ

RFA က ပြုစုထားတဲ့ စာရင်းတွေအရ မြောက်ပိုင်း ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလ ရှမ်းပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတွေအတွင်း ကလေးငယ်တွေ အပါအဝင် အရပ်သား သေဆုံးသူ ၁၁ ဦးထိ ရှိလာပါပြီ။

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ညီနောင်မဟာမိတ်သုံးဖွဲ့

RFA က ပြုစုထားတဲ့ စာရင်းတွေအရ မြောက်ပိုင်း ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလ အောက်တိုဘာ ၂၇ ရက်ကနေ နိုဝင်ဘာလ ၁ ရက် ဒီနေ့အထိ ရှမ်းပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတွေအတွင်း ကလေးငယ်တွေ အပါအဝင် အရပ်သား သေဆုံးသူ ၁၁ ဦးထိ ရှိလာပါပြီ။

ကွတ်ခိုင်၊ နမ့်ခမ်း၊ ချင်းရွှေဟော်၊ နောင်ချို၊ ပန်ဆိုင်း၊ သိန္နီ စတဲ့မြို့တွေက အရပ်သားတွေ သေဆုံးခဲ့တာဖြစ်ပြီး အများစုက လက်နက်ကြီးကြောင့် သေဆုံးခဲ့တာပါ။ သေဆုံးသူ ၁၁ ဦးအပြင် နောက်ထပ် အရပ်သား ဆယ်ဦး ဒဏ်ရာရခဲ့တာကိုလည်း တွေ့ရပါတယ်။

နိုဝင်ဘာလ ၁ ရက် ဒီနေ့ မနက်ပိုင်းမှာပဲ မူဆယ်မြို့နယ်၊ ပန်ဆိုင်းမြို့ ဈေးနဲ့ ရဲစခန်းအနီးက ရပ်ကွက်တွေထဲကို လက်နက်ကြီးကျည် ကျတာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ပန်ဆိုင်း မြို့ခံတွေက RFA ကို ပြောပါတယ်။

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာ အတွင်းမှာတော့ အောက်တိုဘာလ ၂၇ ရက်နေ့နဲ့ ၃၀ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် ကလေးငယ်တစ်ဦး အပါအဝင် စုစုပေါင်း ငါးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

နမ့်ခမ်းမြို့နယ် သာယာကုန်းရပ်ကွက်မှာတော့ အောက်တိုဘာ ၂၇ ရက်နေ့က ကျရောက်တဲ့ လက်နက်ကြီးကျည်ကြောင့် ကလေးငယ်နှစ်ဦး သေဆုံးခဲ့တာပါ။ တိုက်ပွဲ စတင်ဖြစ်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့မှာပဲ ချင်းရွှေဟော်မြို့မှာ ကားဆရာ အမျိုးသားတစ်ဦး လက်နက်ငယ် ထိမှန်သေဆုံးခဲ့ပါတယ်။

သိန္နီမြို့နယ်အတွင်းမှာတော့ အောက်တိုဘာ ၂၈ ရက်နေ့က လက်နက်ကြီးကျည်ထိမှန်တဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ၂၉ ရက်နေ့မှာတော့ နောင်ချို မြို့နယ် ကျောက်ကြမ်းရွာက အမျိုသားတစ်ဦး သေဆုံးခဲ့ပါတယ်။

ဒီစာရင်းတွေဟာ မြေပြင်မှာ အရပ်သားတွေကို ကူညီပေးနေတဲ့ လူမှုကူညီရေး အသင်းတွေနဲ့ ဒေသခံတွေထံကနေ ရရှိတဲ့စာရင်းတွေ ဖြစ်ပါတယ်။

ဒီနေ့အထိ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နဲ့ ပန်ဆိုင်းမြို့၊ မုံးကိုးမြို့နယ်တွေမှာ ရှိတဲ့ စစ်ကောင်စီတပ် စခန်းအချို့ကို မြောက်ပိုင်း ညီနောင် သုံးဖွဲ့က ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

TNLA၊ မန္တလေးတိုင်း PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့ နောင်ချိုမြို့ နယ် ကျောက်ကြမ်းနဲ့ ဆမ္မဆယ်ကျေးရွာအနီးကိုတော့ စစ်ကောင်စီက ဒီနေ့ နေ့လယ် ၁၁ နာရီအချိန်မှာ တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကျောက်မဲမြို့နယ်အတွင်းက စစ်ကောင်စီ ခမရ - ၅၀၂ တပ်စခန်းကနေလည်း နောင်ပစ်ရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်းက အရပ်သားတွေ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်လို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ ပြောခွင့်ရသူတွေနဲ့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA ကဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ ကြေညာခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ နောင်ချို၊ နမ္မတူ၊ နမ့်ခမ်းမြို့ တွေမှာ တိုက်ပွဲတွေဖြစ်နေတာ ခြောက်ရက်ကျော် ရှိလာပြီဖြစ်ပါတယ်။

တိုက်ပွဲကြောင့် ရှမ်းပြည်မြောက်ပိုင်းက မြို့နယ်တွေမှာ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org