ကူမင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးနေချိန် TNLA ထိန်းချုပ်နယ်မြေကို စစ်ကောင်စီ ဗုံးကြဲ

RFA Burmese
2025.02.18
ကူမင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးနေချိန် TNLA ထိန်းချုပ်နယ်မြေကို စစ်ကောင်စီ ဗုံးကြဲ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/ TNLA) ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားအား တွေ့ရစဉ်။
Telegram/PSLF/TNLA News

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတပ်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဆွေးနွေးနေချိန် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညက TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ်ထဲကို စစ်ကောင်စီတပ်က လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကွတ်ခိုင်မြို့နယ်နဲ့ နမ္မတူမြို့နယ်အစပ် နမ္မတူမြို့နယ် မန်ဆာရွာအနီးတစ်၀ိုက် ဗုံးကြဲတိုက်ခိုက်ခံရတာဖြစ်ပြီး အသေးစိတ်အခြေအနေကို မသိရသေးဘူးလို့ ကွတ်ခိုင်ဒေသခံ တစ်ဦးက ပြောပါတယ်။

“မနေ့ည ၈ နာရီကျော်လောက်မှာ လာပစ်သွားတာ။ ထိခိုက်မှုအခြေအနေကတော့ ဖုန်းလိုင်းတွေမရှိတော့ သေချာမသိဘူး။ ဒီကွက်ခိုင်ကတောင် အသံတော်တော်ကြားရတယ်။ ကွက်ခိုင်ကလူတွေကလည်း ကြောက်ပြီး အိမ်တွေမှာတောင် မအိပ်ဘူး။ သတိထားနေရတာ”

နောင်ချိုမြို့နယ် တောင်းခမ်းရွာဘက်မှာလည်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

တရုတ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ TNLA နဲ့ စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဖေဖော်ဝါရီလ ၁၆ နဲ့ ၁၇ ရက်နေ့တို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ရလဒ်ကိုနှစ်ဘက်လုံးက ထုတ်ပြန်တာ မရှိသေးပါဘူး။

အခုလို ဆွေးနွေးနေချိန်မှာပဲ TNLA ထိန်းချုပ်ဒေသ ဗုံးကြဲခံရတာနဲ့ နှစ်ဘက်တပ်တွေကြား တိုက်ပွဲတွေလည်း ဆက်ရှိနေတာပါ။

ဖေဖော်ဝါရီ ၁၅ ရက်နေ့ကလည်း နောင်ချိုမြို့နယ် နာဆွေ၊ အုမ္မတီး၊ ညောင်နီနဲ့ တောင်ရွှေရွာတို့ကို စစ်ကောင်စီတပ်က တောင်ခမ်းစခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာအပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။