ဝက်လက်က အဖမ်းခံထားရတဲ့ DVB သတင်းထောက် မိသားစုနဲ့ အဆက်အသွယ်မရ

2022.01.11
ဝက်လက်က အဖမ်းခံထားရတဲ့ DVB သတင်းထောက် မိသားစုနဲ့ အဆက်အသွယ်မရ အဖမ်းခံထားရတဲ့ DVB သတင်းထောက် ဦးအောင်စံလင်းကို တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့က အဖမ်းခံထားရတဲ့ DVB သတင်းထောက် ဦးအောင်စံလင်းဟာ အခု အချိန် တစ်လကြာတဲ့အထိ ဘယ်မှာဖမ်းထားသလဲ၊ သေသလား၊ ရှင်သလား အတိအကျ မသိရတာကြောင့် စိုးရိမ်မိတယ်လို့ မိသားစုက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့က DVB သတင်းထောက် ဦးအောင်စံလင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက် ည ၁၂ နာရီလောက်မှာ ရဲနဲ့ စစ်သား အယောက်၂၀ ခန့် ရောက်လာပြီး နေအိမ်ကနေ လာဖမ်းသွားတာလို့ မိသားစုက ပြောပါတယ်။

ရဲစခန်းပေါင်းစုံကို စုံစမ်းမေးမြန်းခဲ့ပေမယ့် ဦးအောင်စံလင်းနဲ့ပတ်သက်ပြီး ဘာသတင်းမှ မသိရဘူးလို့ သားဖြစ်သူက ပြောပါတယ်။

“ဖမ်းသွားပြီးနောက်ပိုင်း ဘာသတင်းမှ မကြားရတော့ဘူး။ အခုချိန်ထိပဲ။ ဝက်လက်မြို့ရဲစခန်း၊ ရွှေဘို စစ်ကြောရေးစခန်း၊ မုံရွာအထိတောင် ရောက်ပါတယ်။ ဘာမှ စုံစမ်းမရဘူး။ သူ့ကို သိန်း ၅၀ ပေးရင် နေ့ချင်းလွှတ်ပေးမယ် ဆိုပြီးတော့လည်း ဖုန်းတစ်လုံးက ခေါ်ဖူးတယ်။ ကျနော်တို့က တစ်နေ့လုပ်မှ တစ်နေ့စားတွေ ပေးစရာလည်း မရှိဘူးပြောတော့ ဖုန်းချသွားတယ်။ အခု အရမ်းစိတ်ပူနေတယ်”

ဦးအောင်စံလင်းကို ဖမ်းဆီးချိန်တုန်းက ဖမ်းဝရမ်းပြတာမျိုးမရှိသလို ဝက်လက်မြို့နယ် တရားရုံးကလည်း ဖမ်းဆီးဖို့ ရမန်ယူထားတာ မရှိတဲ့အကြောင်း၊ အခုချိန်ထိလည်း ဦးအောင်စံလင်းန ပတ်သက်တဲ့ သတင်း အချက်လက် လုံးဝမသိရတာကြောင့် မိသားစုမှာ စိုးရိမ်ပူပန်နေရတယ်လို့ သားဖြစ်သူက ဆိုပါတယ်။

လူ့အခွင့်အရေးရှေ့နေ ဦးဖိုးဖြူကတော့ အဖမ်းခံထားရတာ တစ်လကြာတဲ့အထိ အဆက်အသွယ်မရတဲ့ သတင်းထောက် ဦးအောင်စံလင်း ကိစ္စနဲ့ပတ်သက်ပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၁ အရ ရှေ့တော်သွင်း စာချွန်တော်လိုမျိုး အမိန့်ထုတ်ဆင့်ညွှန်ကြားပေးဖို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါဝင် စစ်ကောင်စီအဖွဲ့ဝင်တွေထံ စာပို့တောင်းဆိုထားတယ်လို့ RFA ကို ပြောပါတယ်။

ဦးအောင်စံလင်း အဖမ်းခံထားရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ သိနိုင်ဖို့အတွက် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။

RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းခံထားရတဲ့ သတင်းထောက် အယောက် ၄၀ ကျော်နဲ့ သေဆုံးသူ သုံးယောက် ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။