တိုင်ကြားခံရတဲ့ အိမ်မဲ ကိုယ်စားလှယ် ခံဝန်လက်မှတ် ရေးထိုးရမည်
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားခံရတဲ့ အိမ်မဲမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်ကို ခံဝန်လက်မှတ် ရေးထိုးခိုင်းဖို့ တိုင်းဒေသကြီး လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။
-
2018-07-15 -
-
-
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားခံရတဲ့ အိမ်မဲမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်ကို ခံဝန်လက်မှတ် ရေးထိုးခိုင်းဖို့ တိုင်းဒေသကြီးလွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။
စစ်ဆေးရာမှာ အဂတိလိုက်စားတာ မတွေ့ရှိပေမယ့် လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ ဝင်ရောက်ဆောင်ရွက်တာမျိုး မပြုရမယ့်ကိစ္စမှာ ပါဝင်ခဲ့တာကြောင့် နောင်မှာ ဒီလိုကိစ္စမျိုး ထပ်မဖြစ်ရအောင် ခံဝန်လက်မှတ်ထိုးခိုင်းပြီး သတိပေးလိုက်တာလို့ တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် က ပြောပါတယ်။
"လွှတ်တော်ကိုယ်စားလှယ်ရဲ့ လုပ်ရပ်ဟာ အလွဲသုံးတဲ့အမှု မမြောက်ဘူး၊ စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီးတော့ လွဲမှားတဲ့ဟာမှာ ဝင်ပြီးတော့ ပါဝင်တယ်ပေါ့လေ၊ ရပ်ရွာရဲ့ မီးလင်းကော်မတီ ကိစ္စတွေမှာ လွှတ်တော်ကိုယ်စားလှယ်က ငွေဝင်လက်ခံပြီးတော့ ကြားဝင်ဆောင်ရွက်ပေးတယ် အဆင်မပြေဖြစ်ပြီးတော့ ပြန်အပ်ရတယ် ဆိုတာမျိုးဟာ အမှန် အစကတည်းကကို မပါရဘူးပေါ့ဗျာ၊ အဂတိကော်မရှင်ကလည်း အဲ့လိုဆုံးဖြတ်ပါတယ်၊ ကျနော်တို့ ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်များဆိုင်ရာ စိစစ်ရေးကလည်း အဲ့လိုဆုံးဖြတ်တယ်၊ အဲ့ဒီအတွက် ကျနော်တို့ လွှတ်တော်ကလည်း ဒီအဖြစ်မျိုး နောက်ထပ်မဖြစ်အောင် လတ်မှတ်ထိုးခိုင်းတာပါ"
ဦးအောင်ကျော်မြိုင်ဟာ ကျေးရွာ မီးလင်းရေးအတွက် ဒေသခံတွေဆီကနေ ငွေကောက်ခံခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခံရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်း အိမ်မဲမြို့နယ် တကောကျေးရွာ မီးလင်းရေးအတွက် ဘတ်ဂျတ်ခွင့်ပြုချက် ရရှိခဲ့တဲ့ ထရန်စဖော်မာကို တကောကျေးရွာမှာ မလိုအပ်တာကြောင့် ညောင်ကုန်းချောင်းဖျားကျေးရွာအတွက် ဘတ်ဂျတ်ခေါင်းစဉ် ပြောင်းလဲရယူဖို့ ဌာနဆိုင်ရာ အဆင့်ဆင့်ကို ငွေပေးရမယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်က ဒေသခံတွေကို ပြောကြားပြီး ငွေကျပ် သိန်းတစ်ရာ ကောက်ခံခဲ့တာဖြစ်ပါတယ်။
အဲဒီကိစ္စအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးရာမှာ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်ဟာ လာဘ်ပေးလာဘ်ယူလုပ်တာ၊ အဂတိလိုက်စားတာမျိုး မတွေ့ရှိရပေမယ့် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ကျင့်ဝတ်နဲ့ မညီဘဲ ငွေကြေးတောင်းခံခဲ့တာ၊ စီမံခန့်ခွဲမှုကို လွဲမှားစွာ ဆောင်ရွက်တာ၊ အများပြည်သူ အထင်လွဲမှားစရာ ပြုမူဆောင်ရွက်ခဲ့တာကို စစ်ဆေးတွေ့ရှိကြောင်း ကော်မရှင်က လွှတ်တော်ထံ အကြောင်းကြားတာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့လည်း တိုင်ကြားခံရသူ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင် ကို ပါတီစည်းကမ်းအရ သတိပေးထားပြီး မြို့နယ် ပါတီဗဟိုအလုပ်အမှုဆောင်တွေအနေနဲ့လည်း ဦးအောင်ကျော်မြိုင်ကို ပြစ်မှုကြောင်းအရ တရားစွဲဆောင်ရွက်လိုရင်လည်း ဆောင်ရွက်နိုင်ကြောင်း ပါတီဗဟိုက အကြောင်းကြားထားတယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောပါတယ်။