အိမ်မဲ တိုင်းကိုယ်စားလှယ်ကို လွှတ်တော်ရေးရာကော်မတီ စစ်ဆေးမည်
2018.05.22
ကျေးရွာမီးလင်းရေးအတွက် ငွေကျပ်သိန်း ၁၀၀ တောင်းခံတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တိုင်ကြားခံထားရတဲ့ ဧရာဝတီုတိုင်းဒေသကြီး အိမ်မဲမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင် ကို လွှတ်တော် ကိုယ်စားလှယ်စိစစ်ရေးကော်မတီက စစ်ဆေးသွားမယ်လို့ တိုင်းလွှတ်တော် ဥက္ကဌ က ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း လွှတ်တော်ရေးရာကော်မတီက စစ်ဆေးမေးမြန်းသွားမှာဖြစ်တယ်လို့ လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင် က ပြောပါတယ်။
"လွှတ်တော်ကိုယ်စားလှယ်နဲ့ဆိုင်တဲ့ ပါတီရဲ့ ကော်မတီကို ပို့တာက လမ်းကြောင်းတစ်ကြောင်းရှိ ပါတယ်။ နောက်လွှတ်တော်မှာလည်း လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်မတီကလည်း ဦးအောင်ကျော်မြိုင်ကို ခေါ်ပြီးတော့ သူ့ကို ရှင်းလင်းပြခိုင်းရမှာပေါ့။ လမ်းကြောင်း ၂ ကြောင်းနဲ့ သူ့ကို စစ်ဆေးသွားမှာဖြစ်ပါတယ်။ ဒီနေ့ပဲ လွှတ်တော်စတယ်လေ။ ဒီမှာရှိနေတယ်လေ။ ရှိနေတော့ ဒီရက်ပိုင်းပဲ လွှတ်တော်ရေးရာကော်မတီကနေ ရှင်းလင်းခိုင်းရမှာပေါ့။"
ဦးအောင်ကျော်မြိုင်က ငွေကျပ် သိန်း ၁၀၀ တောင်းယူတာနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော် မရှင်က စိစစ်တေ့ွရှိချက်တွေနဲ့အတူ ကျင့်ဝတ်နဲ့မညီဘဲ ငွေကြေးကိစ္စမှာ ပါဝင်ခဲ့တာကြောင့် လိုအပ်သလို အရေးယူနိုင်ဖို့ဆိုပြီး တိုင်းလွှတ်တော်ဆီပေးပို့တဲ့စာကို မေလ ၁၄ ရက်စွဲနဲ့ ရရှိထားတယ်လို့လည်း ပြောပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်ကော်မတီကနေ စစ်ဆေးမေးမြန်းပြီးမှသာ ဘယ်လိုအရေးယူမယ်ဆိုတာကို ဆုံးဖြတ်နိုင်မှာဖြစ်တယ်လို့ ဦးအောင်ကျော်ခိုင်က ဆိုပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားစာကို NLD ပါတီ စည်းကမ်းထိန်းသိမ်းရေးကော်မတီကလည်း ရရှိထားပြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်ကို စစ်ဆေးသွားမယ်လို့လည်း ကော်မတီတာဝန်ခံ ဒေါက်တာမျိုးညွန့် က ပြောပါတယ်။
အိမ်မဲမြို့နယ် တကောကျေးရွာ မီးလင်းရေးအတွက် ဘတ်ဂျက်ခွင့်ပြုချက်ရရှိခဲ့တဲ့ ထရန်စဖော်မာကို တကောကျေးရွာမှာ မလိုအပ်တာကြောင့် ညောင်ကုန်းချောင်းဖျားကျေးရွာအတွက် ဘတ်ဂျက်ခေါင်းစဉ်ပြောင်းလဲပြီး ရယူဖို့ ဌာနဆိုင်ရာအဆင့်ဆင့်ကို ငွေပေးရမယ်ဆိုကာ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင် က ပြောပြီး ငွေလက်ခံယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဦးအောင်ကျော်မြိုင်နဲ့ ပတ်သက်ပြီး NLD ပါတီထံလည်း တိုင်ကြားစာရောက်ရှိထားတဲ့အတွက် တိုင်ကြားသူကို ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ခေါ်ယူစစ်ဆေးပြီးဖြစ်သလို ကာယကံရှင် ဦးအောင်ကျော်မြိုင်ကိုလည်း စစ်ဆေးကာ အရေးယူသွားမယ်လို့ ပါတီစည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ ဒေါက်တာမျိုးညွန့် က ပြောပါတယ်။
NLD ပါတီဟာ အဂတိလိုက်စားတယ်လို့ ကျော်ဇောသတင်းထွက်ရုံနဲ့ အရေးယူတာတွေလုပ်သွား မှာဖြစ်တယ်လို့လည်း ဒေါက်တာမျိုးညွန့် က ဆိုပါတယ်။