ရေစကြိုက ပညာရေးနဲ့ ကျန်းမာရေးဝန်ထမ်းတွေ CDM လုပ်လာကြ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ သုံးလကျော်အတွင်း ပညာရေးဝန်ထမ်း ၁၆၀ နီးပါးနဲ့ ကျန်းမာရေး၀န်ထမ်းတွေ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုထဲ ပါဝင်လာကြတယ်လို့ ရေစကြိုပညာရေးဘုတ်အဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၁ ရက်ကနေ အခု ဖေဖော်ဝါရီ ၂၈ ရက် မနေ့ကအထိ ဝန်ခံကတိနဲ့ စာရေးသားပေးပို့ကာ CDM လုပ်တဲ့သူ ၁၅၅ ဦးရှိပြီလို့ ရေစကြို ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"ပြောရရင် အားလုံးနီးပါး နုတ်ထွက်ခြင်း ရှိ၊ မရှိ မစိစစ်နိုင်သေးဘူး။ CDM အမည် မခံနိုင်တဲ့သူကတော့ နုတ်ထွက်တယ်ပေါ့ဗျာ ဝန်ခံကတိနဲ့။ Non CDM ကနေ CDM ပြောင်းတာကတော့ စာရင်း ရှိပါတယ်"
အခုလက်ရှိစာရင်းအရသာ အတည်ပြုနိုင်သေးပြီး ထပ်မံပေးပို့လာတဲ့ စာရင်းတွေလည်း ကျန်နေသေးတယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်က ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စစ်ကောင်စီ လက်အောက်ခံ အရာထမ်း၊ အမှုထမ်းတွေကို ဖေဖော်ဝါရီလကုန် နောက်ဆုံးထားပြီး တာဝန်ကနေ နုတ်ထွက်ကြဖို့ ထုတ်ပြန်ထားပြီး မလိုက်နာရင် ဒေသကာကွယ်ရေးအဖွဲ့တွေ က ထိထိရောက်ရောက် အရေးယူသွားမယ်လို့လည်း ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ ဒေသအခြေစိုက် PDF တပ်ဖွဲ့တွေကလည်း ရပ်ရွာတွေ ထဲမှာ စာတွေ လိုက်လံကပ်ပြီး သတိပေးတာတွေ ရှိခဲ့တယ်လို့ ပညာရေးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရေစကြိုမြို့နယ်မှာ ပညာရေးဝန်ထမ်း စုစုပေါင်း ၂၂၀၀ ရှိပြီး စစ်တပ်က အာဏာသိမ်းပြီး ကတည်းက CDM လုပ်နေတဲ့ ဝန်ထမ်းပေါင်း ၇၃၀ ဦး ရှိတယ်လို့ ရေစကြို ပညာရေး ဘုတ်အဖွဲ့က ပြောပါတယ်။
ရေစကြိုမြို့နယ်ထဲမှာ အထက (၁၇) ကျောင်း၊ အထက ခွဲ (၂၂) ကျောင်း၊ အလက (၂၇) ကျောင်း၊ အလက ခွဲ (၁၇) ကျောင်း၊ မူလွန် (၃၁) ကျောင်း၊ အမက (၈၂) ကျောင်းရှိပြီး ကျောင်းအားလုံးနီးပါးက ပိတ်ထားရတယ်လို့ ပညာရေးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရေစကြိုမြို့နယ်က ကုတင် ၂၀၀ ဆံ့ ဆေးရုံကြီးမှာလည်း ကျန်းမာရေးဝန်ထမ်းတွေ မရှိတော့လို့ မတ်လ ၁ ရက် ဒီကနေ့ကစပြီး ပိတ်ထားလိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။
ဒီနေ့ဆိုရင် ဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်းတွေ တာဝန်ထမ်းဆောင်ခြင်းမရှိဘဲ ပြန်သွားကြပြီဖြစ်သလို ဆေးကုသခံနေတဲ့ လူနာတွေလည်း ဆေးရုံဆင်းတာတွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လက်ရှိအချိန်မှာ ရေစကြိုမြိုနယ်ထဲက ဆေးရုံအများစု ပိတ်ထားကြပြီး ရေလယ်ကျွန်းက ၁၆ ကုတင်ဆံ့ မြေတော်တိုက်နယ်ဆေးရုံလည်း ဖေဖော်ဝါရီ ၂၈ ရက် မနေ့က ပိတ်ထား လိုက်သလို မအူ နဲ့ ပခန်းကြီး တိုက်နယ်ဆေးရုံတွေလည်း ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပညာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ နုတ်ထွက်ကုန်ကြတာရှိသလို တခြား ဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း နုတ်ထွက်ကြတဲ့အခြေအနေကို RFA က ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ရေစကြိုမြို့နယ်ထဲ ပညာရေးနဲ့ ကျန်းမာရေးဝန်ထမ်းတွေ နုတ်ထွက်ကြတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။