အမတ်လောင်းတချို့ကို ကော်မရှင် ခေါ်ယူစစ်ဆေး

နိုဝင်ဘာလ ၇ ရက်နေ့မှာကျင်းပမဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ စိစစ်နေရာမှာ အမတ်လောင်းတချို့ကို ကော်မရှင်က ခေါ်ယူ စစ်ဆေးမှုတွေ ရှိနေပါတယ်။

2010.09.09
election_law_news_305_Z.jpg သတင်းစာများကိုစီနေတဲ့ အရောင်းသမားတစ်ဦးကို တွေ့ရစဉ်
(Photo: AFP)

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ အမတ်လောင်းတဦးဆိုရင် အပယ်ခံရတယ်လို့ သိရပါတယ်။ ဒါအပြင် ပါတီရဲ့အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနု ဝင်ရောက် ယှဉ်ပြိုင်မှာကို ခရိုင်ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၈ ရက် မနေ့က အတည်ပြုလိုက်ပေမဲ့ ဗဟို ရွေးကောက်ပွဲ ကော်မရှင်က ထပ်မံစိစစ်ဦးမှာ ဖြစ်တယ်လို့ ဒေါ်သန်းသန်းနုက RFA ကိုပြောပါတယ်။

“ခရိုင်အဆင့် စစ်တာ မနေ့က ပြီးသွားတယ်။ မနေ့က ပြီးသွားတော့ သူတို့က ပြဿနာ မရှိဘူးလို့ ပြောပါတယ်။ အဲ ဒါပေမဲ့ အက်စ်ဘီ (ရဲသတင်းတပ်ဖွဲ့) ကနေပြီးတော့ သူက အိမ်လာပြီးတော့ စစ်တယ်။ အဲ အဲဒါ မနေ့ညနေက လာစစ်တာပေါ့။ စစ်တာကတော့ ပတ်စပို့တို့ ဘာတို့ လာစစ်တာပေါ့၊ ပြီးတော့ ဟိုမှာ အခွန်ဆောင်ထားတာ ဟုတ်လား၊ မဟုတ်ဖူးလား ဆိုတာ လာစစ်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က သူတို့ကို ပြောပြတယ်၊ အခွန်ဆောင်ထားတဲ့အတွက်ကြောင့် ဒီလူသည် ပတ်စပို့လည်း ကိုင်ထားတယ်၊ အဲဒါကြောင့် တရားဝင် ဖြစ်တယ်ဆိုပြီးတော့ သူတို့ကို ပြောတော့ သူတို့က တကယ် အခွန်ဆောင်ထားလား မဆောင်ထားလား ဆိုတာ လာစစ်တယ်။”

ဒေါ်သန်းသန်းနုဟာ မန္တလေးတိုင်း မဲဆန္ဒနယ်မြေတခုရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းတဦးအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ဖို့ စာရင်းတင်သွင်းထားပါတယ်။ သူဟာ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ဦးနုနဲ့အတူ ပြည်ပကို ထွက်ခွာပြီး နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူတဦး ဖြစ်ပါတယ်။

“ကျွန်မ ၆၉ ကတည်းက ကျွန်မ မိဘတွေနဲ့အတူတူ ထွက်သွားတာပါ။ ၆၉ ကတည်းက ထွက်သွားပြီးတော့ နောက်ပိုင်း ကျွန်မ ပြန်ရောက်လာတဲ့အချိန်က ဟိုဒင်းပေါ့ ၂၀၀၃ ခုပေါ့၊ ၂၀၀၃ ခုမှာ အပြီးပြန်လာတာ။ ကျွန်မ အဓိက နေတာကတော့ ပထမပိုင်းနေတာတော့ ထိုင်းနိုင်ငံပေါ့၊ အဲဒီမှာ ၆ နှစ်နေတယ်၊ အဲ နောက်ပိုင်းကတော့ တောက်လျှောက်က ပြန်လာတဲ့အထိ အိန္ဒိယမှာပဲ ကျွန်မတို့ အခြေချပါတယ်။”

ရွေးကောက်ပွဲ ဥပဒေအရဆိုရင် ဒေါ်သန်းသန်းနုဟာ ပြည်တွင်းမှာ ၁၀ နှစ် အနည်းဆုံး နေထိုင်သူ ဖြစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ ငြိစွန်းနေတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-09-09 18:19

ဘာမွလုပ္မေနပါနဲ႕ေတာ့၊ သိတယ္မလား....?