ငွေတုတွေကြောင့် ဖမ်းဆီးခံရတဲ့ မနော်သော့သွဲ့ထူး အမှု ကွဲလွဲချက်တွေရှိနေတယ်လို့ ပြော
ကျပ်တစ်သောင်းတန်ငွေတုကိစ္စကြောင့် ဖမ်းဆီးခံထားရတဲ့ မနော်သော့သွဲ့ထူးရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် CTUM တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွေဟာ ကွဲလွဲမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
-
2018-12-10 -
-
-
ကျပ်တစ်သောင်းတန်ငွေတုကိစ္စကြောင့် ဖမ်းဆီးခံထားရတဲ့ မနော်သော့သွဲ့ထူးရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် CTUM တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွေဟာ ကွဲလွဲမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
စင်ကာပူနိုင်ငံမှာ အိမ်အကူလုပ်ပြီး ရရှိတဲ့ လုပ်အားခကို အိမ်ရှင်က မြန်မာငွေ လဲပေးလိုက်တာမှာ ငွေအတုတွေဖြစ်နေတာကြောင့် ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့က မနော်သော့သွဲ့ထူးကို အမှုဖွင့်ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၇ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
မနော်သော့သွဲ့ထူးဟာ ငွေစက္ကူ တစ်သောင်းတန်တွေက အတုဖြစ်နေတာကို သိတာနဲ့ CTUM က ရွှေ့ပြောင်းအလုပ်သမားဌာန ဌာနမှူးဆီကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ အဲဒီဌာနရဲ့ ဌာနမှူး ဖြစ်သူ မထွေးထွေးသိန်းရဲ့ အကြံပြုချက်အရ ရဲစခန်းကို သွားရောက်အပ်နှံခဲ့တာဖြစ်တယ်လို့ မထွေးထွေးသိန်းက RFA ကိုပြောပါတယ်။
မနော်သော့သွဲ့ထူးနဲ့ မိခင်ဖြစ်သူ ဒေါ်သီသီခိုင်တို့က ငွေအတုတွေကို ရဲစခန်းကို သွားရောက် အပ်နှံခဲ့ပြီးနောက်မှာ ရဲတပ်ဖွဲ့က သူတို့နေအိမ်ကို လာရောက် ရှာဖွေတွေ့ရှိတဲ့ပုံစံနဲ့ ရှာဖွေပြီး မနောသော့်သွဲ့ထူးကို အမှုဖွင့် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ဒေါ်သီသီခိုင်က RFA ကို ပြောပါတယ်။
လက်ရှိမှာ မနော်သော့သွဲ့ထူးဟာ ဒိုက်ဦးမြို့မ ရဲစခန်းမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/ ၁၀၆နဲ့ ဖမ်းဆီးထားရပါတယ်။
ရန်ကုန်က အရပ်ဖက် အဖွဲ့အစည်းတချို့နဲ့ ဒိုက်ဦးမြို့က အရပ်ဖက်အဖွဲ့တချို့က မနော်သော့သွဲ့ထူး အမှုကနေ အမြန်ဆုံးလွတ်မြောက်ရေးနဲ့ အမှုမှန် ပေါ်ပေါက်ရေးအတွက် ကူညီဆောင်ရွက်ပေးနေကြတယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ဒိုက်ဦးမြို့မ ရဲစခန်းကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။