လယ်သမားတွေကို စွဲချက်တင်ပြီ

အောက်တိုဘာလကုန်ပိုင်းက မြို့ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ရုံးရှေ့မှာ လယ်သမား အရေး ဆန္ဒပြမှုနဲ့ အရေးယူခံရတဲ့ ရှေ့နေ ဦးဖိုးဖြူ၊ လယ်သမား ၅ ဦးနဲ့ ဆန္ဒပြပွဲ လာကြည့်သူ တစ်ဦး တို့ကို ဗိုလ်တထောင် မြို့နယ် တရားရုံးမှာ ဒီနေ့ စွဲချက် တင်လိုက်ပါတယ်။

စပါးခင်းတစ်ခုတွင် စိုက်ပျိုးနေသော လယ်သမားများ ကို တွေ့ရပုံ။

ဒီနေ့ရုံးချိန်းမှာ ကိုယ်ပိုင်ခံဝန်နဲ့ အာမခံ ရလာတယ်လို့ လယ်သမား အရေး အကျိုးဆောင် ပေးနေတဲ့ ရှေ့နေ ဦးဖိုးဖြူက ပြောပါတယ်။

“ပြစ်မှု ဥပဒေပုဒ်မ ၁၄၃၊ ပြစ်မှု ဥပဒေပုဒ်မ ၁၄၅နဲ့ စွဲတင်ပါတယ်။ အာမခံ ပေးရမဲ့ ဥပဒေတွေနဲ့ တရားစွဲတာကြောင့် အာမခံနဲ့ လွတ်မြောက်ပါတယ်။”

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃ ဟာ တရားမဝင် လူစုလူဝေးမှာ ပါဝင်မှု ဖြစ်ပြီး ပုဒ်မ ၁၄၅ က တရားမဝင် လူစုလူဝေးကို ဖြိုခွဲဖို့ အမိန့်ပေးတာကို ငြင်းဆန်မှု ဖြစ်ပါတယ်။

လယ်ယာမြေတွေ အသိမ်းခံရတဲ့ အတွက် လယ်လုပ်ပိုင်ခွင့် ဆုံးရှုံးလို့ တောင်ဒဂုံ ဆိပ်ကမ်းမြို့နယ်နဲ့ သန်လျင်မြို့နယ်က လယ်သမားတွေ ဆန္ဒပြချိန်မှာ လယ်သမား အရေး အကျိုးဆောင် ရှေ့နေနဲ့ လယ်သမားတွေ အဖမ်းဆီးခံရတာပါ။ ဆန္ဒပြရတဲ့ အကြောင်း စုံစမ်း မေးမြန်းသူ တစ်ဦးလည်း အဖမ်းရပြီး တရားစွဲဆို ခံရသူတွေထဲမှာ ပါဝင်တယ်လို့ ရှေ့နေ ဦးဖိုးဖြူက ပြောပါတယ်။

သူတို့ဟာ ရဲစခန်းမှာ တစ်ည အဖမ်းခံရပြီး ရဲစခန်းက ပေးတဲ့ အာမခံနဲ့ ပြန်လွတ်လာပေမဲ့ တရားရုံးမှာ အမှု ရင်ဆိုင်နေရတာပါ။

ဦးဖိုးဖြူတို့ကို နိုဝင်ဘာ ၂၂ ရက်မှာ နောက်ရုံးချိန်း ပေးထားတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org