လယ်အသိမ်းခံ လယ်သမားတွေ ရန်ကုန်မှာ ဆန္ဒပြ
ရန်ကုန်မြို့မှာ ဒီကနေ့ မနက်ပိုင်း ၉ နာရီခန့်က ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ အိုးအိမ်ဦးစီးဌာန အရှေ့မှာ လယ်မြေ အသိမ်းခံရတဲ့ လယ်သမား ၅၀ ခန့် ဆန္ဒပြ ကြတယ်လို့ သိရှိရပါတယ်။
-
2011-10-27 -
-
-
လယ်ကွင်းထဲတွင် ကောက်လှိုင်းများ သယ်ဆောင်နေတဲ့ တောင်သူလယ်သမားများပုံ
Photo: AFP
မိမိတို့ လယ်ယာမြေတွေ အသိမ်းခံရတဲ့အတွက် ပြန်လည် ရလိုမှုနဲ့ တောင်ဒဂုံ နဲ့ သန်လျင်မြို့နယ်က လယ်သမားတွေ ခုလို လာရောက် ဆန္ဒပြခြင်း ဖြစ်ကြောင်း မျက်မြင်သက်သေတွေက ပြောဆိုပါတယ်။
ဒါပေမယ့် လယ်သမားတွေ စုရုံးရောက်ရှိလာပြီး ဆန္ဒပြဖို့ ပြင်ဆင်နေစဉ် ခဏအတွင်းမှာပဲ လုံထိန်းရဲတွေ ရောက်လာပြီး အတင်းအကျပ် လူစုခွဲခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ ဆန္ဒပြပွဲကို ဦးဆောင်သူဖြစ်တဲ့ လယ်သမားများအရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ကိုဖိုးဖြူ ကို အထူးရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးကြောင်း ကိုဖိုးဖြူရဲ့ မိတ်ဆွေ တစ်ဦးက ခုလိုပြောပါတယ်။
“အခုလောလောဆယ် သူ့ကို ဒုရဲမှူး ထွန်းထွန်းဦး ဦးဆောင်တဲ့ အထူးတပ်ဖွဲ့ဝင်တွေက ခေါ်ယူ စစ်ဆေး နေတယ်”
ဒီဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုတွေ ရှိကြောင်း အနည်းဆုံး ၇ ဦး ကို ရဲတပ်ဖွဲ့က မေးမြန်းဖို့ ခေါ်ဆောင် ထားတယ်လို့ ရန်ကုန်က လာတဲ့ AFP သတင်းတစ်ပုဒ်မှာ အစိုးရအရာရှိများကို ကိုးကားပြီး ရေးသားထားပါတယ်။