ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေ

RFA Burmese
2024.01.26
ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် စံဖူးကျေးရွာ မီးလောင်နေသည်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့က တွေ့ရစဥ်။
Citizen Journalist

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်အကြား ဇန်နဝါရီလ ၂၄ ရက်နေ့က စခဲ့တဲ့တိုက်ပွဲတွေဟာ ဇန်နဝါရီလ ၂၆ ရက် ဒီနေ့အထိ ပြင်းထန်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

“အခုပဲ ကျွန်တော့်အပေါ်နားမှာ လေယာဉ်က ဝဲနေတာပဲ။ နှစ်စင်း၊ သုံးစင်း ပျံနေတယ်။ ပစ်တာက မနက်ကတည်းက တောက်လျှောက်ပစ်နေတယ်။ တိုက်ပွဲဖြစ်တော့ အကုန်လုံး ကြောက်ပြီး ထိတ်လန့်တကြားနဲ့ နေကြရတယ်”

ဇန်နဝါရီလ ၂၅ ရက်နေ့က ဆီဆိုင်မြို့နဲ့ ရွာလေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အကြိမ် နှစ်ဆယ်နီးပါး လုပ်ခဲ့တယ်လို့ PNLA ရဲ့ ဇန်နဝါရီလ ၂၆ ရက် ဒီနေ့မနက် ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆီဆိုင်မြို့နယ်အတွင်း စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။

နှစ်ရက်ကြာ တိုက်ပွဲဖြစ်နေတဲ့ ဆီဆိုင်မြို့ကို PNLA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLA/PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ ဆီဆိုင်မြို့ဟာ အပစ်အခတ်ရပ်စဲရေး ကာလကတည်းက ရရှိထားတဲ့မြို့ ဖြစ်တယ်လို့ပြောပါတယ်။

“ဆီဆိုင်ကို ကျွန်တော်တို့ သိမ်းဖို့မလိုပါဘူး။ နဂိုကတည်းက အပစ်အခတ်ရပ်စဲရေး လုပ်ကတည်းက ရထားတဲ့မြို့ပါ။ တခြားဒေသက လက်နက်ကိုင်တွေ ရောက်လာတော့ ပြည်သူလူထုမထိခိုက်အောင် ဝင်ကာပေးတာပါ။ ကျွန်တော်တို့တပ်ကတော့ ဘယ်သူ့ကိုမှမပစ်ခိုင်းဘူး”

စစ်ကောင်စီ၊ ပြည်သူ့စစ်နဲ့ ကရင်နီ တော်လှန်ရေး အင်အားစုတွေကို ရန်သူအဖြစ် မသတ်မှတ်သလို တိုက်ခိုက်မှာမဟုတ်ဘဲ ပြည်သူလူထုကိုသာ ကာကွယ်သွားမှာဖြစ်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာကဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် စက်ပိတ်ထားပါတယ်။

လက်ရှိမှာတော့ ဆီဆိုင်မြို့နယ်ထဲက ဒေသခံတစ်သိန်းဝန်းကျင်နဲ့ ကယားပြည် (ကရင်နီပြည်) က တိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော်ဟာ ဆီဆိုင်မြို့အနီးက ရွာတွေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့တွေဆီကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။