ကျွန်းလှမြို့နယ်ထဲ တိုက်ပွဲဖြစ်၊ အမျိုးသမီးငါးယောက် အဖမ်းခံထားရ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ဝေလမူကျေးရွာအနီးမှာ မတ်လ ၄ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသခံအမျိုးသမီးငါးယောက် အဖမ်းခံ လိုက်ရတယ်လို့ ကျွန်းလှမြို့နယ် PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲ တစ်နာရီကျော်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးတာတွေ ရှိခဲ့တယ်လို့ ကျွန်းလှမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ယောက်က RFA ကို ပြောပါတယ်။
“စစ်သားတွေက အခုလ ၁ ရက်က စစ်ရဟတ်ယာဉ်ခြောက်စီးနဲ့ လာတာ၊ သုံးစီးက လူချတယ်။ သုံးစီးက ပတ်ပစ်တယ်။ ပြည်သူတွေကတော့ အဲဒီနေ့ကတည်း ထွက်ပြေး နေကြရတာ၊ ရွာထဲက ကာကွယ်ရေး အဖွဲ့ပစ္စည်းအချို့လည်း သိမ်းမိသွားတယ်။ ဖမ်း ဆီးခံလိုက်ရတဲ့သူတွေကို သူတို့နဲ့အတူ ဝေလမူရွာမှာပဲ ဖမ်းထားတယ်“
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝေလမူရွာမှာ တပ်စွဲထားကြပြီး မတ်လ ၅ ရက် ဒီနေ့ မနက်လည်း ဝေလမူ ရွာအနီး ဝေသော်ရွာနားမှာလည်း နာရီဝက်ကြာ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီရွာတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့လို့ ထိခိုက်သေဆုံးတာတွေ အဖမ်းခံရတဲ့အခြေအနေ အသေးစိတ်တွေကို RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
လတ်တလောတိုက်ပွဲတွေကြောင့် ဝေလမူရွာ၊ ဝေသောရွာ အပါအဝင် အနီးနားရွာပေါင်း ငါးရွာလောက် က ဒေသခံ ၃၀၀ လောက်ဟာ ဘေးလွတ်ရာတောတွေထဲမှာ ထွက်ပြေးနေ ထိုင်နေကြရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
မတ်လ ၁ ရက်က ကျွန်းလှမြို့နယ် ဝေလမူကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ ဒေသခံတပ်ဖွဲ့ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် လက်လုပ်သေနတ်မျိုးစုံ ၇ လက်၊ လက်လုပ်စိန်ပြောင်း ၄ လက်၊ အမ် ၂၂ ကျည် ၁၀၈ တောင့်နဲ့ ကျည်အိမ် ၂ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ် လက် ပစ်ဗုံး ၆၈ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၁၆ လုံး နဲ့ ဆက်စပ်ပစ္စည်း၊ လမ်းလျှောက်စကားပြော စက် ၃ လုံး၊ KIA/PDF လက်မောင်းတံဆိပ်ပါ ပြောက်ကျား ယူနီဖောင်း ၃ ထည်၊ PDF လက်မောင်း တံဆိပ်ပါ ယူနီဖောင်း ၁ စုံ နဲ့ ဆေးမျိုးစုံ ၂ ဖာ တို့ သိမ်းဆည်းရမိတယ်လို့ စစ်ကောင်စီက အဲဒီနေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။