မုံရွာထောင်တွင်း ပစ်ခတ်မှုပြီးနောက် စစ်တပ်က လုံခြုံရေးတင်းကျပ်ထား

2022.04.05
မုံရွာထောင်တွင်း ပစ်ခတ်မှုပြီးနောက် စစ်တပ်က လုံခြုံရေးတင်းကျပ်ထား မုံရွာအကျဉ်းထောင်
File Photo - Citizen journalist

စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်မှာ ဧပြီလ ၃ ရက်နေ့ ညနေက ထောင်တွင်းပစ်ခတ်မှုဖြစ်ပြီးနောက် ဒီနေ့အထိ စစ်တပ်က လုံခြုံရေး ယူထားဆဲဖြစ်တယ်လို့ မုံရွာဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

ထောင်ဝင်စာပို့တာနဲ့ ပုံမှန် ထောင်တွင်းတရားရုံးထုတ်တာတွေကိုလည်း ဒီနေ့အထိ ရပ်နားထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ထောင်ထဲမှာ စစ်တပ်က စစ်ကားတွေနဲ့ အခုထိ လုံခြုံရေးယူထားတုန်းပဲ။ ရှေ့နေတွေရော ပုံမှန်ဆို အထူးတရားရုံးဆိုပြီး ထောင်ထဲမှာ အမှုစစ်တာ၊ အဲဒါတွေက အခုထိ ပိတ်ထားတာဗျ။ ထောင်ဝင်စာတွေလည်း ပိတ်ထားတော့ ထောင်တွင်းသတင်းတွေကို မသိရဘူး”

ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခံထားရတဲ့အတွက် နောက်ဆက်တွဲ အခြေအနေကို စုံစမ်းဖို့ ခက်ခဲနေတယ်လို့လည်း သူက ပြောပါတယ်။

မုံရွာအကျဉ်းထောင်ထဲမှာ ပြီးခဲ့တဲ့ ဧပြီလ ၃ ရက် ညနေပိုင်းမှာ အကျဉ်းသားတွေရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ထွက်ပေါ်လာပြီးနောက် သေနတ်နဲ့ ပစ်ခတ် ဖြိုခွင်းသံတွေ ကြားခဲ့ကြရပါတယ်။ အဲဒီဖြစ်စဉ် မှာ အကျဉ်းသားတစ်ဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရထားတယ်လို့လည်း မုံရွာမြို့ခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်ရွှေကို RFA က ဒီနေ့ ညနေက ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

မုံရွာအကျဉ်းထောင်ထဲမှာ ပစ်ခတ်ဖြိုခွင်းခံရတဲ့နေ့မှာပဲ မုံရွာမြို့ အခြေပြု ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက မြို့ရဲ့ လေးနေရာလောက်မှာ ဖောက်ခွဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မုံရွာအကျဉ်းထောင်ထဲမှာ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။