မြစ်ဆုံစီမံကိန်းအတွက် ဒေသခံကျေးရွာများ ပြောင်းရွှေ့ရမည်
ဧရာဝတီမြစ်ဆုံနဲ့ အထက်ဖက် မေခ၊ မေလိခ မြစ်ဝှမ်းမှာ ရေအားလျှပ်စစ်စီမံကိန်း ၈ ခုကို ဆက်တိုက် ဆောက်လုပ်မှာ ဖြစ်တဲ့အတွက် မြစ်ဆုံအနားတဝိုက်က ကျေးရွာတွေသာမက ဧရာဝတီမြစ်ဆုံ အထက်ဖက် ရေဝပ်ဒေသက ကျေးရွာတွေကိုပါ မြန်မာ စစ်အာဏာပိုင်တွေက ဆက်လက် ပြောင်းရွှေ့ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။
-
2011-03-29 -
-
-
စစ်အစိုးရဟာ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း အပါအဝင် ချီဖွေ၊ ချီဖွေငယ်၊ ဝူဆောက်၊ ခေါင်လန်ဖူး။ ယီနန်၊ ဖီဇော၊ လိုင်ဇာ စတဲ့ ရေအား လျှပ်စစ်စီမံကိန်းတွေကို ၂၀၁၉ ခုနှစ်အပြီး ဆက်တိုက် တည်ဆောက်သွားမှာ ဖြစ်တဲ့အတွက် မြစ်ဆုံအထက်ဖက်က ကျေးရွာတွေပါ ဆက်လက် ပြောင်းရွှေ့ရမယ်လို့ နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးမှာလည်း အမှတ် (၂) လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးဇော်မင်းက ပြောပါတယ်။
မြန်မာစစ်အစိုးရနဲ့ တရုတ်အစိုးရနဲ့ ပူးပေါင်း လုပ်ကိုင်နေတဲ့ အဲဒီ ရေအား လျှပ်စစ်စီမံကိန်းကြောင့် မှီခို နေထိုင်သူတွေသာမက ဧရာဝတီမြစ်ရဲ့ နေရာတော်တော်များများဟာ သဘာဝဝန်းကျင် ပျက်စီးမှုတွေ ရှိနေပြီလို့ အဲဒီဒေသကို မကြာသေးခင်က သွားရောက်ခဲ့တဲ့ သဘာဝ ဝန်းကျင် ထိန်းသိမ်းရေး သမားတဦးက ပြောပါတယ်။
“ဟိုဖက်မှာတော့ စဆောက်နေပြီပေါ့ဗျာ။ စဆောက်နေတော့ ရေကို သူတို့ သိုလှောင်တဲ့အဆင့် မရောက်သေးဘူး။ အကယ်၍များ ရေသိုလှောင်တဲ့အဆင့် ရောက်ပြီဆိုရင် ဒီ့ထက် ပိုပြီး စိုးရိမ်ဖွယ်ရာ ဖြစ်လာတဲ့ဟာ ရှိတာပေါ့ဗျာ။ ရေမြောင်း စီးဆင်းမှုအနေနဲ့ မူလအနေအထားထက် အနည်းငယ်တော့ အပြောင်းအလဲ ဖြစ်တယ်။ အပြောင်းအလဲ ဖြစ်တဲ့အခါမှာ ခုန နှုံးပို့ချမှုနဲ့ သောင်ထွန်းမှုက အရင်ကထက် ပိုလာနိုင်တယ်။ အဲဒီ ပြဿနာလည်း ဖြစ်တယ်။”
လက်ရှိ လောလောဆယ်မှာ မြစ်ဆုံစီမံကိန်းနဲ့ မလွတ်ကင်းတဲ့ မြစ်ဆုံတဝိုက်က တန်ဖဲ၊ ကျိန်ခရမ်၊ မြစ်ဆုံ၊ အောင်ဂျာယန်၊ ဒေါင်ပန်ရွာတွေက စုစုပေါင်း အိမ်ထောင်စ ု၄၁၀ က လူဦးရေ နှစ်ထောင်ကျော်ကို အာဏာပိုင်တွေက နေရာပြောင်းရွှေ့ထားပြီးပြီ ဖြစ်ပါတယ်။