ရှမ်းပြည်က ရေအားလျှပ်စစ် စီမံကိန်းတွေရပ်တန့်ဖို့ ရှမ်းအရပ်ဘက် ၁၃ ဖွဲ့ အိတ်ဖွင့်စာပို့

RFA Burmese
2023.04.26
ရှမ်းပြည်က ရေအားလျှပ်စစ် စီမံကိန်းတွေရပ်တန့်ဖို့ ရှမ်းအရပ်ဘက် ၁၃ ဖွဲ့ အိတ်ဖွင့်စာပို့ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်မည့် နမ္မတူမြစ်တစ်နေရာအား ၂၀၂၀ ခုနှစ်က တွေ့ရစဉ်။
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ သီပေါမြို့နယ်တွေမှာ ဆောင်ရွက်နေတဲ့ ရေအား လျှပ်စစ် စီမံကိန်းတွေ ရပ်တန့်ရေး ရှမ်းပြည်နယ်ထဲက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ အကူအညီပေးဖို့ ရှမ်းအရပ်ဘက်အဖွဲ့ ၁၃ ဖွဲ့က ဧပြီလ ၂၅ ရက်မှာ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ပါတယ်။

လက်ရှိ ကျောက်မဲမြို့နယ်မှာ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည် ဖော်နေပြီး သီပေါမြို့နယ်မှာ နမ္မတူမြစ် ရေအားလျှပ်စစ် စီမံကိန်းတွေကို အကောင်အထည် ဖော်နေတာပါ။

ဒါကြောင့် သီပေါမှာရှိတဲ့ သမိုင်းဝင်ဘော်ကြိုဘုရား အပါအဝင် ကျေးရွာအုပ်စု ၁၁ ခု ရေအောက်ရောက်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ရှမ်းလူမှုအဖွဲ့အစည်း တာဝန်ခံ နန်းဗန်ဒါက RFA ကို ပြောပါတယ်။

“ကျေးရွာအုပ်စု ၁၁ ခုထဲမှာ အဓိကရေနစ်မြုပ်မှာက နားမခေါ်ကျေးရွာ အုပ်စုပေါ့နော်။ သီပေါနဲ့ အရမ်းနီးတဲ့ ဘော်ကြိုအုပ်စု၊ ကျင်သီအုပ်စု၊ နမ့်အွန်အုပ်စုတွေလည်းပါတယ်”

နမ္မတူမြစ် ရေအားလျှပ်စစ်စီမံကိန်းကြောင့် နမ်ဆန်မြို့နယ်အတွင်းက လီလုရွာလည်း ရေအောက်ရောက်သွားမယ့် စားရင်းထဲပါတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်အတွင်းက မြစ်ချောင်းတွေပေါ်မှာ ရေကာတာစီမံကိန်းကြီး ၁၀ ခုရှိနေပြီး အဲဒီစီမံကိန်းကနေထွက်တဲ့ ရေအားလျှပ်စစ်ဟာ မြန်မာပြည်ရေအားလျှပ်စစ် ထုတ်လုပ်မှုရဲ့ ထက်ဝက်အထိရှိတယ်လို့ ရှမ်းလူမှုအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ရှမ်းပြည်ရဲ့ထက်ဝက်မှာ လျှပ်စစ်မီးမရသေးသလို လက်ရှိဆောက်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေကလည်း ဒေသခံတွေအတွက် အကျိုးမရှိတာကြောင့် စီမံကိန်းစတင်ချိန်ကတည်းက ဒေသခံတွေ ကန့်ကွက်ခဲ့ကြတာလို့ ဆိုပါတယ်။

အထက်ရဲရွာစီမံကိန်းကနေ လျှပ်စစ်မီဂါဝပ် ၂၈၀ ထွက်ရှိမှာဖြစ်ပြီး အရင်စစ်အစိုးရ လက်ထက် ၂၀၀၈ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့တာပါ။

စီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ ကုမ္ပဏီတွေဟာ စစ်ကောင်စီနဲ့နီးစပ်တဲ့ IGE group လက်အောက်ခံ IPG ဖြစ်ပြီး ပြင်သစ်ကုမ္ပဏီဖြစ်တဲ့ Razel-Bec က ပူးပေါင်းဆောင်ရွက်နေတာလို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ထုတ်ပြန်တဲ့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဂျပန်၊ ဆွစ်ဇာလန်၊ ဂျာမဏီနဲ့ တရုတ်နိုင်ငံက ကုမ္ပဏီတွေလည်း ပါဝင်လုပ်ကိုင် နေတယ်လို့ ဆိုပါတယ်။

သီပေါမြို့နဲ့ ၁၃ မိုင်အကွာ မိုးတေရွာမှာ ဆောင်ရွက်နေတဲ့ ၂၁၀ မီဂါဝပ်ထွက်မယ့် နမ္မတူရေအားလျှပ်စစ်စီမံကိန်းကိုတော့ တရုတ်နိုင်ငံသားတွေ ရှယ်ယာပါဝင်တဲ့ Natural Current Energy Hydropower Co.ltd နဲ့ ပူးပေါင်းအကောင်အထည်ဖော်နေတာလို့ ရှမ်းလူ့အခွင့်အရေအဖွဲ့က ဖော်ပြထားပါတယ်။

စီမံကိန်းအတွက် ကောက်ယူထားတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝထိခိုက်မှုစစ်တမ်း (EIA/SIA) တွေဟာလည်း ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ဆိုပါတယ်။

ဒါ့ကြောင့် လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ အထက်ရဲရွာနဲ့ နမ္မတူရေအားလျှပ်စစ်စီမံကိန်းအပြင် ဆက်လက်အကောင်အထည်ဖော်မယ့် အလယ်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းတွေ ရပ်တန့်ရေး ဝိုင်းဝန်းတားဆီးပေးဖို့ တောင်းဆိုတာလို့ ရှမ်းလူမှုအဖွဲ့အစည်းတွေရဲ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။