ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်လို့ အရပ်သား လေးဦးဒဏ်ရာရ

RFA Burmese
2023.08.20
ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်လို့ အရပ်သား လေးဦးဒဏ်ရာရ တနင်္သာရီတိုင်း၊ ရေဖြူမြို့အဝင်တစ်နေရာအား တွေ့ရစဉ်။
The Tanintharyi Times

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ရပ်တော်မှုဘုရားအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က သြဂုတ်လ ၁၉ ရက် မနေ့ညနေပိုင်းက လက်နက်ငယ်နဲ့ ပစ်ခတ်တာကြောင့် အရပ်သား လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ အချက် ၃၀ နီးပါး ပစ်ခတ်ခဲ့တဲ့လို့ ဆိုင်ကယ်နဲ့ သွားလာနေတဲ့ အမျိုးသား သုံးဦးနဲ့ အနီးအနားမှာ ထိုင်နေတဲ့ အမျိုးသမီး တစ်ဦးတို့ ကျည်ထိမှန် ဒဏ်ရာရခဲ့တာပါ။

ဒေသခံတွေကတော့ စစ်ကောင်စီတပ်က ဖမ်းဆီးထားသူတွေ ထွက်ပြေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။ အခု ပစ်ခတ်ခံရတဲ့ အရပ်သားတွေဟာ စစ်ကောင်စီက ဖမ်းဆီးထားသူတွေ မဟုတ်ဘဲ သာမန်ခရီးသွားလာသူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ သေနတ်ထိမှန်ဒဏ်ရာရသူတွေဟာ ရေဖြူဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ထိခိုက်ဒဏ်ရာရတဲ့ သူတွေကတော့ ရေဖြူဆေးရုံကြီးမှာ ဆေးကုသမှုပေးနေတယ်လို့ သိထားပါတယ်။ အသက် ၄၀ အရွယ် ဒေါ်သွယ်သွယ်ဝင်းကတော့ ရင်ဆို့တည့်တည့်ကို ထိထားတယ်၊ နားအနောက်ဘက်ကို ရှပ်ထိထားတော့ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်။ အသက် ၂၀ ကျော်အရွယ် ကိုခန့်နဲ့ ကျန်အသက်လေးဆယ်ကျော်အရွယ် အမျိုးသား နှစ်ဦးကတော့ အခြေအနေကောင်းပါတယ်"

ထိခိုက်ဒဏ်ရာသူတွေဟာ အရပ်သားတွေဖြစ်ပြီး လက်မောင်း၊ ရင်ဘက်၊ ပုခုံးနဲ့ ခြေသလုံးတွေမှာ ကျဉ်ဆံထိမှန်ခဲ့တာပါ။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသလို တနင်္သာရီတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

အာဏာသိမ်း နှစ်နှစ်ခွဲကျော်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် နိုင်ငံတစ်ဝန်းက ပြည်သူ ၃,၉၅၉ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဩဂုတ်လ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။