အလုံမြို့နယ်မှာ အသက်သုံးနှစ်အရွယ်ကလေးငယ်ကို စစ်ကောင်စီဖမ်းဆီး
2022.04.06

အသက်သုံးနှစ်အရွယ် မူကြိုကလေးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အား ၂၀ လောက်နဲ့ ဧပြီလ ၅ ရက်နေ့ ညနေ ၃ နာရီကျော်မှာ ရန်ကုန်မြို့၊ အလုံမြို့နယ်၊ စက်တွင်းလမ်းက BC ဆိုတဲ့ မူကြိုကျောင်းမှာ လာရောက် ဖမ်းဆီးသွားပါတယ်။
ကလေးရဲ့ မိဘတွေဟာ PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထွက်ပြေးတိမ်းရှောင်နေရပြီး ကလေး ကို ဓားစာခံအဖြစ်ဖမ်းဆီးသွားတာလို့ မျက်မြင်တွေ့သူတစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။
“ကိုယ်တိုင်မြင်လိုက်တာ။ ဒါကဘယ်လိုမှမဖြစ်သင့်တဲ့အရာ တစ်ခုလို့ပဲမြင်တယ်။ မူကြိုကလေးဆိုတဲ့ အရွယ်က ဘာမှ မသိသေးတဲ့ အရွယ်လေ။ လူမဆန်တဲ့ လုပ်ရပ်ကြီးတစ်ခုပါ။ တကယ်လူစိတ်မရှိတော့ဘူးလို့ပဲမြင်တယ်။ ဘာမှမလုပ်ပေးနိုင်လို့လည်း တကယ်ဝမ်းနည်းရပါတယ်။ ဖြစ်နိုင်ရင်တော့ ဒီစစ်အာဏာရှင်စနစ် မြန်မြန် အမြစ်ပြတ်စေချင်တယ်။ ဒီကိစ္စနဲ့ပက်သတ်ပြီး အရမ်းလည်း ရင်နာရပါတယ်”

လာရောက်ဖမ်းဆီးချိန်မှာ လမ်းကိုပိတ်ထားပြီး ကားတွေကိုပေးမဝင်ဘဲ ဖမ်းဆီးသွားခဲ့တာလို့ သူက ပြောပါတယ်။ မူကြိုကျောင်းကို ရဲကားတစ်စီး၊ အိမ်စီးကားတစ်စီးနဲ့ လာရောက်ဖမ်းခဲ့တာဖြစ်ပြီး ဆင်မင်းရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း ပါဝင်တယ်လို့ သူကပြောပြပါတယ်။
မူကြိုကျောင်းက ကလေးတွေနဲ့ ဆရာမကို သေနတ်နဲ့ချိန် ဒူးထောက်ခိုင်းပြီး ကလေးကို ခေါ်သွားကြတာလို့ သူကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။ကလေးငယ်ကို ဖမ်းဆီးသွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အလုံမြို့နယ်ရဲစခန်းကို RFA က ဆက်သွယ်ရာမှာ ဖုန်းကိုင်ပေမယ့် ဒီအပေါ် တစ်စုံတစ်ရာ ဖြေဆိုခြင်းမရှိဘဲ ဖုန်းချသွားခဲ့ပါတယ်။
ဖမ်းခံလိုက်ရတဲ့ ကလေးဟာ အဘိုး၊ အဘွားတွေနဲ့ နေထိုင်တာပါ။ အခုလို အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦးကို ဓားစာခံအဖြစ်ဖမ်းဆီးလိုက်တာဟာ ဆိုးဝါးတဲ့လုပ်ရပ်ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုပါတယ်။
“ဒါကတော့ တော်တော်ကိုဆိုးဝါးတယ်။ နိုင်ငံတကာဥပဒေအရကော ပြည်တွင်းဥပဒေတွေ အရကော လုပ်လို့မရတဲ့ ကိစ္စတစ်ခုဖြစ်သလို လူသားချင်းစာနာထောက်ထားမှု လူ့အသိုင်းအဝိုင်းမှာလည်း ဒါမျိုးလုံးဝ လုပ်ခွင့်မရှိပါဘူး။ ဒီလိုဖမ်းဆီးသွားတဲ့သူတွေသည် လူလို့တောင် ပြောလို့မရတဲ့ အနေအထားမျိုးဖြစ်နေတယ်”
အခုလို ကလေးငယ်တွေကို ဓားစာခံဖမ်းဆီးတဲ့ ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက မဖြစ်မနေ ထိန်းသိမ်းထားဖို့လိုတာကြောင့် တချို့ကလေးသူငယ်တွေကို ထိန်းသိမ်းထားတာ ရှိတယ်လို့ RFA ကို အခုနှစ် ဇန်နဝါရီလမှာ ဖြေကြားထားဖူးပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်း ပြီးနောက် အသက် ကိုးလအရွယ်ကနေ အသက် ၁၈ နှစ်အထိ အဖမ်းခံခဲ့ရတဲ့ ကလေးသူငယ် အရေအတွက် ၂၅၅ ယောက်ရှိပါတယ်။ အဲဒီအထဲ ပြန်လွတ်မြောက်သူ ၆၂ ယောက်ရှိပေမယ့် ကျန်တဲ့ ကလေးသူငယ် ၁၉၁ ယောက်က အကျဉ်းကျခံနေရဆဲဖြစ်သလို ကျန်နှစ်ယောက် ကတော့ သေဒဏ်ချမှတ်ခံထားရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့မတ်လကုန်အထိ အချိန်တစ်နှစ်ကျော်အတွင်း RFA က ပြုစုထားတဲ့ အချက်အလက်တွေအရ နိုင်ငံတစ်ဝန်း သေဆုံးခဲ့ရတဲ့ ပြည်သူ ၁၇၀၀ ကျော်အထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၀၀ ကျော် ပါဝင်ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး RFA ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ထပ်မံရရှိတဲ့ အချက်အလက်တွေကို ဆက်လက် ဖော်ပြပေးမှာဖြစ်ပါတယ်။