ပလက်ဝမြို့က လူငယ် လေးယောက် ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချခံရ

ချင်းပြည်နယ် ပလက်ဝမြို့က ဒေသခံလူငယ်လေးဦးဟာ မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ စွပ်စွဲခံထားရပြီး ဧပြီလ ၅ ရက် မနေ့က ပလက်ဝမြို့နယ်တရား ရုံးက ထောင်ဒဏ် နှစ်နှစ်စီ အမိန့်ချမှတ်ခံလိုက်ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
အသက် ၂၀ နဲ့ ၂၅ နှစ်အရွယ်ကြားရှိတဲ့ မောင်ထွန်းမင်း၊ မောင်အောင်ထွန်းစိုး၊ မောင်အိုက် ထွန်းမင်းနဲ့ မောင်ထွန်းမင်း တို့ဖြစ်ကြပြီး သူတို့အတွက် အယူခံမဝင်တော့ဘူးလို့ မိသား စုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“အယူခံကတော့ မဝင်နိုင်တော့ဘူး။ ပိုက်ဆံလည်း မရှိတော့ အယူခံတွေ ဘာတွေလည်း မဝင်နိုင်တော့ဘူး။ ကျွန်တော်တို့က လက်လုပ်လက်စား ဆင်းရဲသားတွေပါ။ ဒါကြောင့် ထောင်ဝင်စာ တွေ့ဖို့တောင် မလွယ်ဘူး”
မင်းတပ်မြို့က စစ်ဘေးဒုက္ခသည်တွေအတွက် အလှူငွေကောက်ခံရာ ချင်းပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (CDF) တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့ မိသားစုဝင်တွေက ပြောပါတယ်။
ကနဦးအနေနဲ့ သူတို့လေးဦးကို ပြီးခဲ့တဲ့နှစ် မေလ ၂၈ ရက်နေ့က ပလက်ဝမြို့နယ် အထွေ ထွေ အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲခဲ့တာနဲ့ ပတ်သက်လို့ ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးအမှု ဖွင့်ခံခဲ့ရပေမယ့် သက်သေမခိုင်လုံတာကြောင့် အောက်တိုဘာလ ၁၂ ရက်နေ့က တရားရုံး ကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။
နောက်တစ်နေ့ အောက်တိုဘာလ ၁၃ ရက်မှာပဲ သူတို့နေအိမ်မှာ ထပ်မံဖမ်းဆီးခံရပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ စွပ်စွဲခံရပြီး တရားစွဲခံခဲ့ရတာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီလ ၅ ရက် မနေ့ကအထိ ဖမ်းဆီးခံထားရသူ စုစုပေါင်း (၁၀၀၅၄) ဦးရှိပြီး (၉၂၉) ဦး က ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။