မြန်မာနိုင်ငံအတွက် WFP ကို ဂျာမနီက ယူရိုငွေ ၃ သန်းထပ်လှူ
ဂျာမနီနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကို ယူရိုငွေ သုံးသန်း ထပ်တိုးထောက်ပံ့လိုက် တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက ဒီဇင်ဘာလ ၁၆ ရက် မနေ့က သတင်း ထုတ်ပြန်ပါတယ်။
- 2021-12-17
-
-
-
ဂျာမနီနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကို ယူရိုငွေ သုံးသန်း ထပ်တိုးထောက်ပံ့လိုက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက ဒီဇင်ဘာလ ၁၆ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
စားနပ်ရိက္ခာ မလုံလောက်တဲ့ပြဿနာကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံက မြို့ပြနေပြည်သူ နှစ်သန်းကို တိုးမြင့် ထောက်ပံ့ပေးနိုင်ဖို့ WFP က ရည်မှန်းထားတာကြောင့် ဂျာမနီအနေနဲ့ အခုလို ထပ်တိုးလှူဒါန်းရတာလို့ သံရုံးရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အခက်အခဲဘေးဒုက္ခကြုံတွေ့နေရတဲ့ ပြည်သူတွေကို ကူညီထောက်ပံ့ဖို့ဟာ ကမ္ဘာလုံးဆိုင်ရာ တာဝန်ဖြစ်တယ် လို့လည်း ဂျာမနီသံရုံးက ဆိုပါတယ်။
WFP အနေနဲ့ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေနဲ့ ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်တွေကြောင့် အသက်ရှင်နေထိုင်ဖို့ ခက်ခဲနေသူတွေအပါအဝင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည် ၃၆၀၀၀၀ အတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့နေတာ ဖြစ်ပါတယ်။
ဂျာမနီအနေနဲ့ မြန်မာနိုင်ငံက ထိခိုက်လွယ်တဲ့ပြည်သူတွေကို ကူညီနိုင်ဖို့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ကနေတဆင့် ယူရိုငွေ နှစ်သန်းလှူဒါန်းခဲ့တယ်လို့ ဒီဇင်ဘာလ ၁၃ ရက်နေ့က သံရုံးက ကြေညာထားပါတယ်။