မြန်မာပြည်သူ ၁၅ သန်း ဆင်းရဲငတ်မွတ်မှုဘေး ကြုံရဖွယ်ရှိကြောင်း WFP သတိပေး
2025.01.29

မြန်မာနိုင်မှာ ငတ်မွတ်ခေါင်းပါးမှု စိုးရိမ်ဖွယ်အခြေအနေရောက်နေပြီး အခုနှစ်မှာ မြန်မာပြည်သူ ၁၅ သန်း ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဇန်နဝါရီ ၂၉ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်က လူဦးရေ ၁၃.၃ သန်း ဒီအခြေအနေကို ရင်ဆိုင်ခဲ့ရာကနေ ၂၀၂၅ ခုနှစ်မှာ လူဦးရေ ၁၅ သန်း အစာငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်ရဖွယ်ရှိတယ်လို့ WFP က ခန့်မှန်းထားတာပါ။
အထူးသဖြင့် ပဋိပက္ခနယ်မြေတွေဖြစ်တဲ့ ကချင်၊ ချင်း၊ ရခိုင်၊ စစ်ကိုင်းတို့မှာ စားနပ်ရိက္ခာ မလုံလောက်မှု အမြင့်ဆုံးကြုံနေရတယ်လို့ ဆိုပါတယ်။ မြန်မာပြည်သူ သုံးဦးမှာ တစ်ဦးနှုန်းဖြစ်တဲ့ လူပေါင်း သန်းနှစ်ဆယ်နီးပါးဟာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့လည်း WFP သတိပေးချက်မှာ ဖော်ပြထားပါတယ်။
WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunford က “နိုင်ငံတစ်ဝန်း ပဋိပက္ခကြီးထွားလာတာ၊ အကူအညီဝင်ရောက်ခွင့် ကန့်သတ်ခံရတာ၊ စီးပွားရေးပြိုလဲမှုနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် စံချိန်တင်ငတ်မွတ်ခေါင်းပါးတဲ့အဆင့်ကို ရောက်ရှိလာတယ်“ လို့ ကြေညာချက်မှာ ထည့်သွင်းပြောထားပါတယ်။
မြန်မာပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၃.၅ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး အခုနှစ်မှာ ၄.၅ သန်းအထိ မြင့်တက်သွားမယ်လို့ WFP က ခန့်မှန်းထားပါတယ်။ အိုးအိမ်မဲ့နေသူတွေအတွက် စားနပ်ရိက္ခာဟာ အကြီးမားဆုံးလိုအပ်ချက်ဖြစ်ပေမဲ့ ငွေကြေးဖောင်းပွမှုကြောင့် အခြေခံစားသောက်ကုန်စျေးနှုန်းတွေ ပြီးခဲ့တဲ့နှစ်အတွင်း ၃ဝရာခိုင်နှုန်းမြင့်တက်သွားတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ နိုင်ငံရေးမတည်ငြိမ်တာ၊ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းတွေ များလာတာကြောင့် မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေနဲ့ စားနပ်ရိက္ခာလိုအပ်ချက် မြင့်မားနေတာကို အာရုံမစိုက်နိုင်တော့တဲ့အခြေအနေ ဖြစ်တယ်လို့ WFP ကြေညာချက်မှာ ဖော်ပြထားပါတယ်။ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunford က ပိုမိုဆိုးရွားလာတဲ့ မြန်မာပြည်အရေးကို ကမ္ဘာကြီးက လျစ်လျူရှုထားလို့မရကြောင်းနဲ့ နိုင်ငံတကာအကူအညီတွေ ချက်ချင်းတိုးမြှင့်မပေးရင် လူသောင်းပေါင်းများစွာ ပိုမိုဆိုးရွားတဲ့အခြေအနေကိ ရောက်သွားမှာဖြစ်တယ်လို့လည်း ပြောထားပါတယ်။
အခုနှစ်မှာ မြန်မာလူဦးရေ အနည်းဆုံး ၁.၆ သန်းအတွက် စားနပ်ရိက္ခာအကူအညီတွေ ပေးဖို့ WFP က ရည်ရွယ်ထားပါတယ်။ အဲဒီအထောက်အပံ့တွေ အမှန်တကယ် လိုအပ်နေသူတွေဆီ ရောက်ဖို့အတွက် ပဋိပက္ခမှာပါဝင်တဲ့ အဖွဲ့အားလုံးနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့လည်း WFP က ကြေညာထားပါတယ်။