မလိခမြစ်တလျှောက် စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေ

2022.01.18
မလိခမြစ်တလျှောက် စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေ ကချင်ပြည်နယ် မလိခမြစ်တလျှောက်မှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေကြတာကို ၂၀၂၂ ဇန်နဝါရီ ၁၈ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ဧရာဝတီမြစ်ဖျားပိုင်း ပူတာအိုခရိုင် မချမ်းဘောမြို့နယ်ထဲက မလိခမြစ်တလျှောက်မှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အဲဒီနေရာက ဒေသခံတွေဟာ တိုက်ပွဲတွေဖြစ်ခဲ့လို့ စစ်ဘေးရှောင်နေကြတာဖြစ်ပြီး နေရပ် ပြန်ရင် လုပ် ကိုင်စားသောက်ဖို့ အခက်တွေ့နေပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့က အခုစစ်ရှောင်နေရတာကြောင့်သာ ကျွန်တော်တို့ မြေနေရာတွေကို အခုလို ပစ်ထားရတာဖြစ်တယ်။ နေရပ်ပြန်ရင်တော့ ဒီနေရာတွေမှာပဲ လုပ်ကိုင်စား သောက်ရမှာ။ အခုလို ရွှေတအား တူးဖော်နေတော့ ကျွန်တော်တို့ပြန်လာရင် လုပ်ကိုင် စားသောက်ဖို့ နေရာမရှိမှာ စိုးရိမ်နေတယ်။ အခုက ကျွန်တော်တို့လည်း ဘာမှမတတ်နိုင် ဘူးဖြစ်နေတယ်”

မလိခမြစ်တလျှောက် အင်လွယ်ယာန်နဲ့ ရှိန်ကိုင်ယာန်ရွာအနီးက စိုက်ပျိုးမြေနေရာတွေနဲ့ ထီခချောင်းဆုံတလျှောက်က အင်ဖီးဂါး၊ ဖာ့ကန်းယာန်နဲ့ အင်ခါဂါး စတဲ့ရွာတို့ဟာ စစ်ဘေးကြောင့် ဘေးလွတ်ရာ ထွက်ပြေးသွားကြရသူတွေလို့ ဆိုပါတယ်။

အင်ခါဂါရွာနားမှာ စစ်တပ်နဲ့ ကေအိုင်အေတို့ ၂၀၁၃ နဲ့ ၂၀၁၅ ခုနှစ်မှာ တိုက်ပွဲတွေဖြစ်ခဲ့လို့ အဲဒီအနီးက ဒေသခံတွေဟာ ပူတာအိုမြို့နယ် ဇီဒမ်ရွာမှာ စစ်ဘေးဒုက္ခသည်တွေအဖြစ် နေထိုင်နေကြတာဖြစ်ပါတယ်။

အခုရွှေတူးဖော်နေတဲ့ နေရာတွေဟာ အမျိုးသားဒီမိုကရေစီ NLD အစိုးရလက်ထက်က ထိန်းသိမ်းခဲ့တဲ့ နေရာတွေဖြစ်ပေမယ့် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး ခုလိုရွှေတွေ တူးဖော်လာကြတာလို့လည်း ဒေသခံတွေက ဆိုပါတယ်။

ခုလိုစက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်လုပ်ကိုင်နေကြသူတွေဟာ တရားဝင်အနေနဲ့ လုပ်ခွင့်ရထားသလား၊ မရသလားဆိုတာ စစ်ကောင်စီ တာဝန်ရှိသူတွေဆီ ဆက်သွယ် မေးမြန်းဖို့ ကြိုးစားနေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပူတာအိုဒေသမှာသာမက ကချင်ပြည်နယ် နေရာအတော်များများမှာ တရားမဝင် ရွှေတူးဖော်မှုတွေ များပြားလာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။