အလုပ်ထုတ်ခံရတဲ့ Grand Royal စက်ရုံအလုပ်သမားတွေ မန္တလေးတိုင်းအစိုးရရုံးကို လာရောက်

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့ Grand Royal အရက်ချက်စက်ရုံက အလုပ်သမား ၈ဝ ကျော် အလုပ်ထုတ်ခံရတဲ့အတွက် ပြန်လည်ခန့်ထားရေး ညှိနှိုင်းပေးဖို့ မန္တလေးတိုင်းအစိုးရရုံးကို လာရောက်တဲ့ အလုပ်သမားခေါင်းဆောင်တွေနဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးတို့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။

မန္တလေးမြို့ Grand Royal အရက်ချက်စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က တွေ့ရစဉ် Photo: Khaymani Win/RFA

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့ Grand Royal အရက်ချက်စက်ရုံက အလုပ်သမား ၈ဝ ကျော် အလုပ်ထုတ်ခံရတဲ့အတွက် ပြန်လည်ခန့်ထားရေး ညှိနှိုင်းပေးဖို့ မန္တလေးတိုင်းအစိုးရရုံးကို လာရောက်တဲ့ အလုပ်သမားခေါင်းဆောင်တွေနဲ့  သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးတို့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။

နေ့စား ပုလင်းဆေး ပုတ်ပြတ်အလုပ်သမားတွေကို အပြစ်မရှိဘဲ အလုပ်ထုတ်လိုက်တာကို လက်သင့်မခံနိုင်ဘူးလို့ Grand Royal အရက်ချက်စက်ရုံက အလုပ်သမားသမဂ္ဂခေါင်းဆောင် မစီစီနွယ်က ပြောပါတယ်။

“မိသားစုတွေက ရှိသေးတယ်လေ။ အလုပ်ဖြုတ်လိုက်ပြီဆိုရင် တချို့စက်ရုံတွေကလည်း ဖြုတ်လိုက်တယ် ဆိုတဲ့နာမည်နဲ့ အလုပ်က မခန့်ချင်ကြတော့ဘူးလေ။ ၈၆ ယောက်လုံး အလုပ်ခန့်ဖို့ ဆိုတာကလည်း များတယ်လေ။ များလွန်းတော့ ဘယ်စက်ရုံကမှ ခန့်မှာမဟုတ်ဘူး။ ကျမတို့က တစ်နေ့လုပ်မှ တစ်နေ့စားလေ။ စက်ရုံကနေလည်း မထွက်ချင်ဘူး။ မိသားစုက နောက်ခံရှိတယ်လေ။ ဂုဏ်သိက္ခာကလည်း ရှိသေးတယ်လေ။ ဘာပြစ်မှုမှလည်းမရှိဘဲနဲ့ ဖြုတ်လိုက်တယ်ဆိုတာ ကျမတို့ လက်သင့်မခံဘူးပေါ့”

မန္တလေးတိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတွေအနေနဲ့ စက်ရုံနဲ့ ညှိနှိုင်းပေးဖို့အတွက် အလုပ်သမား ၅ဝ ကျော်က တိုင်းအစိုးရရုံးကို ဒီနေ့မနက်ပိုင်းက  လာရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားတွေထဲက ခေါင်းဆောင်ငါးယောက်နဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးတို့ တွေ့ဆုံခဲ့ပြီး အလုပ်သမားတွေ အလုပ်ပြန်လည်ရရှိရေး ညှိနှိုင်းပေးမှာ ဖြစ်တာကြောင့် အသနားခံစာ တင်ခိုင်းခဲ့တယ်လို့ တွေ့ဆုံဆွေးနွေးခဲ့သူတွေက ပြောပါတယ်။

တကယ်လို့ ညှိနှိုင်းမှု အဆင်မပြေဘူးဆိုရင် အလုပ်သမားတွေက နေပြည်တော်အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်သွားမယ်လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင် မစီစီနွယ်က ပြောပါတယ်။

Grand Royal အရက်ချက်စက်ရုံမှာ အလုပ်သမားပေါင်း ၄ဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၈၆ ယောက်ထဲမှာ လုပ်သက်အနည်းဆုံး ၃ လ ကနေ ၁၂ နှစ် အထိ ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org