Grand Royal စက်ရုံ အလုပ်သမားခေါင်းဆောင် ၁၇ ဦး အလုပ်ထုတ်ခံရ
2012.06.05
အမျိုးသမီး ၁၅ ဦးနဲ့ အမျိုးသား၂ ဦးကို ပြီးခဲ့တဲ့ လဆန်းရက်မှာ အလုပ်ထုတ်လိုက်တဲ့စာကို ရွှေပြည်သာ စက်မှုဇုန် ကြီးကြပ်ရေးကော်မတီက ပေးအပ်လိုက်တာလို့ သိရပါတယ်။
ဒါကြောင့် အဲဒီအလုပ်သမားတွေက NLD ရှေ့နေကွန်ယက်အဖွဲ့ကို အကူအညီတောင်းတဲ့အတွက် ဥပဒေအကြံပေး ဦးအောင်သိန်းနဲ့ ဒီကနေ့ သွားရောက် တွေ့ဆုံပေးလိုက်တယ်လို့ NLD အလုပ်သမားရေး ဆောင်ရွက်သူ ဦးသက်ဝေက ပြောပါတယ်။
Grand Royal စက်ရုံ အလုပ်သမားတွေဟာ လုပ်သက်ပေါ် မူတည်လို့ တစ်နေ့ကို ၁၁၀၀ ကျပ်ကနေ ၁၄၀၀ ကျပ် ဝန်းကျင်သာရကြပြီး၊ အချိန်ပိုကြေးနဲ့ပေါင်းမှ တစ်လကို ကျပ် ၅ သောင်း ဝန်းကျင်ပဲ ရကြတဲ့အတွက် တစ်လကို ကျပ်ငွေ ၆ သောင်းကျော် ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။
အဲဒီလို ဆန္ဒပြတောင်းဆိုချိန်မှာ အလုပ်ရှင်ဘက်က အခုအလုပ်ထုတ်လိုက်တဲ့ အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ မဆွေးနွေးဘဲ၊ အခြားအလုပ်သမားတချို့နဲ့ပဲ ဆွေးနွေးပြီး သဘောတူစာချုပ်တွေ လက်မှတ်ထိုးလိုက်ကြပါတယ်။
အဲဒီသဘောတူညီချက်မှာ အများစု တောင်းဆိုထားတဲ့ လုပ်ခလစာနှုန်းထား မပါရှိဘဲ စည်းကမ်းတချို့ လျှော့ပေးတာမျိုးပဲ ပါတဲ့အတွက် ကိုယ်စားလှယ်တွေဘက်က သဘောမတူဘဲ ဆက်လက်ဆန္ဒပြခဲ့ပါတယ်။
ဒီအခြေအနေမှာ ၃ ရက်အတွင်း အလုပ်မဆင်းရင် အလုပ်ကနေ ထုတ်ပစ်မယ်ဆိုတဲ့ အလုပ်ရှင်နဲ့ သူ့အလုပ်သမားတချို့ရဲ့ သဘောတူညီမှုထဲက အချက်ကိုထောက်ပြီး အလုပ်သမားကိုယ်စားလှယ် ၁၇ ဦးကို ထုတ်ပစ်လိုက်တာ ဖြစ်ပါတယ်။