စစ်ကောင်စီရဲ့ သင်္ကြန်ပျော်ရွှင်ပွဲကို သပိတ်မှောက်ကြဖို့ GSCB တိုက်တွန်း

မြန်မာနှစ်သစ်ကူးကာလကို အကြောင်းပြပြီး တိုင်းပြည်ပုံမှန်ဖြစ်နေပြီဆိုတာပြသဖို့ စစ်ကောင်စီက ကြိုးပမ်းနေတဲ့ သင်္ကြန်ပျော်ပွှဲရွှင်ပွဲတွေမှာ ပြည်သူတွေက ပူးပေါင်းမပါဝင် ကြဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု GSCB က ဧပြီလ ၃ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက သင်္ကြန်မှာ နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားနေတာ ပြည်သူတွေ မပါဝင်ဖို့ GSCB အဖွဲ့ ဝင်တစ်ခုဖြစ်တဲ့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင် ကော်မတီဝင် တစ်ဦး က ပြောပါတယ်။
“စစ်ကောင်စီက နိုင်ငံရေးအရ ပြည်သူတွေ သူတို့ကို ထောက်ခံတယ်။ အခါရာသီပွဲတွေ ပုံမှန်အတိုင်း ကျင်းပနေတယ်။ နိုင်ငံတကာကို အတုအယောင်တွေ ချပြနေတာ။ အဲဒီ ဘက်မှာ ပြည်သူတွေအနေနဲ့ ယိမ်းယိုင်မသွားဖို့၊ သူတို့ဆင်တဲ့ အကွက်ထဲကို ပြည်သူ လူထုတွေ မပါဝင် မပူးပေါင်းဘဲနဲ့ သူတို့ကို ဆန့်ကျင်တယ် ဆိုတဲ့အကြောင်းကို ဆက် လက်ပြသပေးပါလို့ တိုက်တွန်းပါတယ်"
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်း သေဆုံးခဲ့ရသူတွေ၊ ဖမ်းဆီးခံနေရသူတွေ၊ စစ်ဘေးသင့် ပြည်သူတွေ၊ စစ်ကောင်စီကို နည်းမျိုးစုံနဲ့ တော်လှန်နေကြသူတွေကို စာနာ၊ ဂုဏ်ပြုတဲ့ အနေနဲ့ စစ်ကောင်စီရဲ့ သင်္ကြန်အစီအစဉ်တွေမှာ မပါဝင်ဘဲ သပိတ်မှောက်ကြဖို့၊ စစ်ကောင် စီကို တော်လှန်နေတဲ့ ကာလဖြစ်တာကြောင့် ပြည်သူတွေက သင်္ကြန်ပျော်ပွဲ၊ ရွှင်ပွဲတွေကို မလုပ်ကြဖို့ တိုက်တွန်းတယ်လို့ GSCB က ပြောပါတယ်။
စစ်ကောင်စီကတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီးတချို့တို့မှာ ရေကစားမဏ္ဍပ်ကြီးတွေ ဆောက်လုပ်နေတာ၊ ဝန်ကြီးဌာနတွေအလိုက် သင်္ကြန်ယိမ်း အကအဖွဲ့တွေ ကပြနိုင်ဖို့ စီစဉ်နေတာတွေ အပါအဝင် ပျော်ပွှဲရွှင်ပွဲတွေ ကျင်းပဖို့စီစဉ် နေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကိုဗစ်ကပ်ရောဂါဖြစ်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ကတည်းက မြန်မာ့ရိုးရာသင်္ကြန်ဟာ ခြောက်ကပ် စွာနဲ့ ဖြတ်သန်းခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၂၁ စစ်တပ်က အာဏာသိမ်းလိုက်လို့ နိုင်ငံရေးအကျပ် အတည်း ကာလဖြစ်နေတာကြောင့် ပျော်ပွဲရွှင်ပွဲတွေ ဆိတ်သုန်းနေခဲ့ရပါတယ်။