တိုင်းနဲ့ပြည်နယ် ၆ ခုမှာ မိုးကြီးနိုင်
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုမှာ နောက် ၃ ရက်အထိ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထုတ်ပြန်လိုက်ပါတယ်။
-
2018-07-13 -
-
-
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုမှာ နောက် ၃ ရက်အထိ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထုတ်ပြန်လိုက်ပါတယ်။
လက်ရှိ မုတ်သုန်အားကောင်းနေတဲ့အချိန်မှာ လေဖိအားနည်းရပ်ဝန်း ထပ်ဖြစ်တာကြောင့် မိုးကြီးနိုင်တာဖြစ်တယ် လို့ မိုးဇလဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်း က ပြောပါတယ်။
"မုတ်သုန်က အခုလည်းအားကောင်းနေတယ်။ နောက်ရက်တွေလည်း အားကောင်းဦးမယ်ဆိုတော့ က နောက် ၃၊ ၄ ရက်လောက် အထူးသဖြင့် မြန်မာနိုင်ငံတောင်ပိုင်းတွေက မိုးဆက်ပြီးကြီးဖို့ရှိတယ်။ ၃ လက်မနဲ့အထက်ဆိုရင် မိုးကြီးတယ်လို့ခေါ်တယ်။ လေဖိအားနည်းရပ်ဝန်းကတော့ တွေ့ရပြီ။ အားကောင်းဖို့တော့ မတွေ့ရဘူး။ မုန်တိုင်းငယ်ဖြစ်နိုင်တဲ့အနေထားကို လက်ရှိမှာတော့ မတွေ့ရဘူး။ သူ့ရဲ့သက်ရောက်မှုကြောင့် အားကောင်းတဲ့မုန်တိုင်းက ပိုပြီး အားကောင်းလာတယ်။"
မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ ရန်ကုန်၊ ကရင်နဲ့ မွန် စတဲ့ တိုင်းဒေသကြီး နဲ့ပြည်နယ်တွေမှာ မိုးကြီးနိုင်တယ်လို့ သတိပေးထားတာဖြစ်ပါတယ်။
မိုးများတာကြောင့် နောက် ၃ ရက်အတွင်း ငဝန်မြစ်ရေဟာ ငသိုင်းချောင်းမြို့နဲ့ သာပေါင်းမြို့တွေအတွက် စိုးရိမ်ရေမှတ်ကို ရောက်ရှိလာနိုင်သလို ချင်းတွင်းမြစ်ရေက ဟုမ္မလင်းမြို့အတွက် စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင် တယ်လို့လည်း သိရပါတယ်။
ပင်လယ်ပြင်မှာ လှိုင်းကြီးနိုင်ပြီး အမြင့်ပေ ၈ ပေကနေ ၁၁ ပေလောက်အထိ မြင့်တက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။