ပြည်နယ်နဲ့ တိုင်း ရှစ်ခုမှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်လာနိုင်ကြောင်း NUG သတိပေး

RFA Burmese
2024.06.18
ပြည်နယ်နဲ့ တိုင်း ရှစ်ခုမှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်လာနိုင်ကြောင်း NUG သတိပေး ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်မှ ရေလျှံနေသည့် လမ်းတစ်နေရာအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

အခု ဇွန်လ တတိယပတ်အတွင်း ပြည်နယ်နဲ့ တိုင်း ရှစ်ခုမှာ မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံတာနဲ့ မြေပြိုမှုတွေဖြစ်လာနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဇွန်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အနောက်တောင်မုတ်သုံလေ အားကောင်းပြီး ရခိုင်ကမ်းရိုးတန်း၊ မြစ်၀ကျွန်းပေါ်၊ မွန်၊ တနင်္သာရီ၊ ကချင်၊ ရှမ်း၊ ချင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ မုတ်သုံမိုး ဆက်လက်သည်းထန်လာနိုင်လို့ ရေကြီးရေလျှံတာနဲ့ မြေပြိုမှုတွေ ဖြစ်လာနိုင်တာလို့ ဆိုပါတယ်။

ရေကြီးရေလျှံတာနဲ့ မြေပြိုမှုတွေဖြစ်ပေါ်လာတဲ့အခါ ထိခိုက်မှုလျော့ပါးစေဖို့အတွက် ကြိုတင်ပြင်ဆင်ကြဖို့ NUG က သတိပေးပါတယ်။

ဧရာ၀တီမြစ်ကမ်းဘေးမှာရှိတဲ့ ဟင်္သာတမြို့နယ်က ငှက်ပျောတော၊ တာငုတ်၊ အုန်းတော၊ မကျည်းတော၊ ဖောင်ဆိပ်စတဲ့ ရွာငါးရွာက အိမ်ခြေ နှစ်ရာဝန်းကျင်ကတော့ မြေပြိုမှုတွေဖြစ်လာမှာ စိုးရိမ်တဲ့အတွက် ဇွန်လဆန်းကစပြီး နေအိမ်ရွှေ့ပြောင်းတာတွေလုပ်နေတယ်လို့ တာငုတ်ရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခုကတော့ အိမ်ပျက်စီးမှုတော့ မရှိဘူးပေါ့။ အိမ်နေရာ ပြန်ချပေးတော့ အဲဒါတွေကို အကုန်လုံးဖျက်ဆီးပြီးတော့ ဆောက်နေကြရတာ။ လောလောဆယ် အကုန်လုံးတော့ ဖျက်ရတယ်။ ဖျက်ပြီးတော့ ရပ်ကွက်မှာ ချပေးတဲ့နေရာတွေကိုတော့ ဆောက်နေကြတာပဲ”

မြန်မာ့ကမ်းရိုးတမ်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာတော့ တစ်ခါတစ်ရံ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်သလို တစ်နာရီကို ၃၅ မိုင်အထိ တိုက်ခတ်လာနိုင်တယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ မိုးလေ၀သနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဇွန်လ ၁၈ ရက် ဒီနေ့ ထုတ်ပြန်ချက်မှာတော့ ရန်ကုန်တိုင်း အပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။