မုန်တိုင်းအရှိန်ကြောင့် ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ မိုးကြီးနိုင်

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ မိုးကြီးနိုင်တယ် လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန်ပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(facebook)

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ မိုးကြီးနိုင် တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မုန်တိုင်းဟာ မြန်မာနိုင်ငံကို ဝင်ရောက်လာနိုင်တဲ့ အခြေအနေမရှိပေမယ့် မုန်တိုင်းအရှိန်ကြောင့် မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုး ဦးကျော်မိုးဦးက ပြောပါတယ်။

"မနေ့ညနေ ၆ နာရီခွဲမှာ လေဖိအားနည်းရပ်ဝန်းကနေ မုန်းတိုင်းငယ်အဆင့် ရောက်သွားပြီပေါ့နော်၊ ဒီမုန်တိုင်းရဲ့ လက်ရှိအခြေအနေက အိန္ဒိယကမ်းခြေကို စပြီးတော့ဝင်နေတဲ့ အနေအထားရှိတယ်၊ မြန်မာနိုင်ငံဘက်ကို ဦးတည်ပြီး ဝင်ရောက်မယ့်အခြေအနေ မရှိတဲ့အတွက်ကြောင့် အဝါရောင်အဆင့် သတ်မှတ်ထားပါတယ်၊ ဒီမုန်တိုင်းအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းမှာ နေရာကွက်ပြီး မိုးကြီးနိုင်မယ့်အနေအထားရှိတယ်"

ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေက ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်တွေ၊‌ သင်္ဘောတွေ အနေနဲ့ သတိထားကြဖို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တို့မှာလည်း မိုးကြီးနိုင်တယ်လို့ ပါရှိပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လလယ်လောက်ကစပြီး ဧရာဝတီ၊ ချင်းတွင်းနဲ့ ငဝန်မြစ်ရေ ကြီးတာတွေကြောင့် မြန်မာတစ်နိုင်ငံလုံး မှာ ရေနစ်မြုပ်တဲ့ စိုက်ပျိုးမြေဧက ၄ သိန်းကျော်ရှိနေပြီး ဧက တစ်သောင်း ခြောက်ထောင်ကျော် ပျက်စီးသွားတယ်လို့ လယ်ယာမြေစီမံခန့်ခွဲရေး နဲ့ စာရင်းအင်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မြစ်ရေမြင့်တက်မှုကြောင့် ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်း၊ မကွေး၊ ကချင်၊ ရန်ကုန် စတဲ့ တိုင်းနဲ့ ပြည်နယ် ၈ ခုမှာ ရေဘေး ဒုက္ခရောက်နေသူ ၄ သိန်းနီးပါးရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org