တစ်နှစ်ကျော်ကာလအတွင်း လူနေအိမ် ခြောက်ထောင်ကျော် မီးရှို့ခံရ


၂၀၂၂ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မီးရှိုခံခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာကို ဂြိုဟ်တုဓာတ်ပုံတွင် ၂၀၁၉ ခုနှစ်က တွေ့ရပုံနှင့် ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်နေ့က တွေ့ရပုံ။ (Credit: Google Earth/ Planet Labs)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်နေ့အထိ တစ်နှစ်ကျော် ကာလအတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက မီးရှို့လို့ ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၆,၁၅၈ လုံးရှိတယ်လို့ လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data For Myanmar က မတ်လ ၂ မှာ ထုတ်ပြန်လိုက်ပါတယ်။
အဲဒီ ဖြစ်စဉ်တွေဟာ နေရာပေါင်း (၁၆၅) နေရာခန့်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မီးရှို့ခံရမှု အများဆုံး နေရာတွေကတော့ စစ်တပ်က လက်နက်ကိုင်တော်လှန်မှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာ ၃၆၈၉ လုံး၊ ချင်းပြည်နယ်မှာ ၁၁၀၅ လုံးနဲ့ မကွေးတိုင်းမှာ ၈၈၅ လုံး ဖြစ်ပါတယ်။
သူတို့နောက်မှာတော့ ကယားပြည်နယ်မှာ ၃၁၁ လုံး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၉၃ လုံး၊ မန္တလေးတိုင်းမှာ ၃၁ လုံး၊ တနသာင်္ရီတိုင်းမှာ ၂၉ လုံး၊ ပဲခူးတိုင်း အနောက်ခြမ်းမှာ ၁၀ လုံးနဲ့ ကရင်ပြည်နယ်မှာ ၅ လုံးတို့ ဖြစ်ပါတယ်။
အရပ်သားနေအိမ်တွေ မီးရှို့ခံရမှုတွေဟာ ၂၀၂၁ ခုနှစ်၊ မေလမှာ စတင်ခဲ့တာ ဖြစ်ပြီး တဖြည်းဖြည်းနဲ့ မြင့်တင်လာခဲ့ရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ အိမ်အလုံးပေါင်း ၉၆၀ လုံး၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ အိမ်အလုံးပေါင်း ၁၀၅၉ လုံး၊ ဖေဖော်ဝါရီလမှာတော့ အိမ်အလုံးပေါင်း ၂၈၈၂ လုံးနဲ့ စံချိန်တင် မီးရှို့ခံရမှု အများဆုံးလ ဖြစ်ခဲ့ပါတယ်။
လတ်တလောမှာလည်း ချင်းပြည်နယ် မြောက်ပိုင်း၊ ထန်တလန်မြို့မှာ နှစ်ရက်အတွင်း နေအိမ် ၁ဝဝ ကျော် မီးရှို့ခံရတယ်လို့ ထန်တလန်မြို့နယ် နေရာချထားရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့က နေအိမ် ၉၃ လုံး မီးရှို့ခံရပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့က နေအိမ် ၈ လုံးမီးရှို့ခံရတာပါ။ ဒီတစ်ကြိမ်နဲ့ ဆိုရင် စစ်ကောင်စီက ထန်တလန်မြို့ကို မီးရှို့တာ ၂၆ ကြိမ်ရှိပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒေသခံတွေနဲ့ လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်းတွေကတော့ လူနေအိမ်တွေ မီးရှို့ခံရတာဟာ စစ်တပ်ရဲ့လက်ချက်လို့ ပြောဆိုကြပေမယ့် စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။
နိုင်ငံရေး လေ့လာသူတွေကတော့ စစ်ကောင်စီဟာ ရန်သူစိုးမိုးတဲ့ နယ်မြေမှာ နေအိမ်အဆောက်အအုံတွေကို ဖျက်ဆီး၊ မြေလှန်၊ မီးရှို့တဲ့ မူဝါဒ (scorched-earth policy) ကျင့်သုံးနေတာနဲ့ အရပ်သားနဲ့ လက်နက်ကိုင်ရယ်လို့ မခွဲခြားတော့ဘဲ စုပြုံ အပြစ်ပေးတာမျိုး ဖြစ်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။