ဖားကန့်မြေပြိုမှု လူအသေအပျောက်ရှိ

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တနင်္လာနေ့ညပိုင်းက မြေပြိုလို့ ကျောက်တူးသမား ၁၅ဦး သေဆုံးပြီး အနည်းဆုံး ၃၅ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတဦးက အင်္ဂါနေ့မှာ ပြောတဲ့အကြောင်း AP သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
ဖားကန့်မြို့နယ် မက်မုံရွာတဝိုက်မှာ ကျောက်တွင်းတွေတော်တော်များများရှိပြီး အဲဒီနေရာကနေ ပေ သုံးရာလောက် မြေပြိုကျလာခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီနေရာမှာ YTT ရန်ကုန်နည်းပညာနဲ့ကုန်သွယ်ရေးကုမ္ပဏီရဲ့ ကျောက်တူးဖော်ရေးလုပ်ငန်းက အလုပ်သမားငါးဆယ်ကျော်ရှိတယ်လို့ ဆိုပါတယ်။ ကျောက်တူးသမား အနည်းဆုံး သုံးဦးနဲ့ မြေသယ်ယာဉ်တွေလည်းမြေကြီးအောက်မှာ မြုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။
AFP သတင်းမှာတော့ တနင်္လာနေ့ည ဆယ်နာရီခွဲလောက်မှာ မြေပြိုခဲ့လို့ လူ ၄ဝ သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။ တနင်္လာနေ့က မြေပြိုရတာ ဘာကြောင့်လဲဆိုတာ မသိရသေးပါဘူး။
ဖားကန့်ကျောက်စိမ်းဒေသမှာ မြေပြိုမှုတွေက မကြာခဏဖြစ်လေ့ရှိပြီး ၂ဝ၂ဝ ပြည့်နှစ်တုန်းကမြေပြိုမှုကြောင့် လူသုံးရာလောက် သေဆုံးခဲ့ရပါတယ်။
ဖားကန့်ဒေသကကျောက်စိမ်းထုတ်လုပ်မှုဟာ မြန်မာစစ်တပ်အတွက် ဝင်ငွေတွေရစေတဲ့ အရေးကြီးတဲ့လမ်းကြောင်းတစ်ခုဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြနေကြပါတယ်။