သရော်စာဟာ ပြစ်မှုမဟုတ်ကြောင်း HRW ထုတ်ပြန်
သရော်စာဟာ ပြစ်မှုတစ်ခု မဟုတ်ကြောင်း၊ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က အဖွဲ့ဝင် ၄ ဦးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုထားတာကို ပြန်လည်ရုပ်သိမ်းသင့်ကြောင်း အမေရိကန်ပြည်ထောင်စုအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က မနေ့က တောင်းဆိုလိုက်ပါတယ်။
-
2019-04-18 -
-
-
Your browser doesn’t support HTML5 audio
သရော်စာဟာ ပြစ်မှုတစ်ခု မဟုတ်ကြောင်း၊ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က အဖွဲ့ဝင် ၄ ဦးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုထားတာကို ပြန်လည်ရုပ်သိမ်းသင့်ကြောင်း အမေရိကန်ပြည်ထောင်စုအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က မနေ့က တောင်းဆိုလိုက်ပါတယ်။
ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့က ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုဒီရေ(ခေါ်) ကိုပိုင်ဖြိုးမင်းနဲ့ မဆုရတနာမြင့်တို့ ၄ ဦးကို Facebook လူမှုကွန်ရက်စာမျက်နှာမှာ သံချပ်ထိုးဖျော်ဖြေတာကို Live လွှင့်ခဲ့တာကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ တပ်မတော်က တရားစွဲခဲ့တာလို့ HRW ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဧပြီလမှာ ကျရောက်တဲ့ မြန်မာ့နှစ်သစ်ကူးကာလတွေမှာ တစ်နှစ်အတွင်းဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာကိစ္စတွေမှာ အမြင်မတော်တာတွေကို မီးမောင်းထိုးပြတဲ့အနေနဲ့ သံချပ်ထိုးဖျော်ဖြေတဲ့ အစဉ်အလာဟာ နှစ်ကာလကြာမြင့်နေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေ ရပ်တန့်ရေး တောင်းဆိုဆန္ဒပြခဲ့တဲ့ ကျောင်းသား ၈ ယောက်ကို ၂၀၁၈ ခုနှစ် ဧပြီ မှာ ပုဒ်မ ၆၆ (ဃ) နဲ့ ထောင်ဒဏ် ၃ လ ချမှတ်ခဲ့တဲ့အပေါ်လည်း ထောက်ပြဝေဖန်ထားပါတယ်။
HRW အဖွဲ့က ၆၆ (ဃ)နဲ့ တရားစွဲထားတာကို ပြန်လည်ရုပ်သိမ်းဖို့ တောင်းဆိုလိုက်ပေမယ့် တပ်မတော်ကတော့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ရဲ့ ပြကွက်တွေမှာ တပ်မတော် ဝတ်စုံထည့်သွင်းအသုံးပြုခဲ့တာကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ထပ်မံ တရားစွဲဖို့ရှိကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။
လူမှုကွန်ရက်ကိုအသုံးပြုပြီး အမုန်းတရားတွေ ဖြန့်ဝေနေကြတာ၊ ရိုက်တာသတင်းထောက်နှစ်ယောက်ကို ထောင်ဒဏ် ၇ နှစ် ချမှတ်တာတွေကြောင့် ၂၀၁၉ ခုနှစ် ကမ္ဘာသတင်းစာလွတ်လပ်ခွင့်ညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ အဆင့်တစ်ဆင့် ကျဆင်းသွားတယ်လို့ ပြင်သစ်အခြေစိုက် RSFနယ်စည်းမခြား သတင်းထောက်များအဖွဲ့က ဒီနေ့အစီရင်ခံစာမှာ ထုတ်ဖော်ပြောကြားထားပါတယ်။
လက်ရှိမြန်မာနိုင်ငံ သတင်းစာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က သူအမြင်ကို အခုလိုပြောပါတယ်။
“တရားစွဲခံရတဲ့အမှုတွေ များလာတယ် နောက်တစ်ခုက လတ်တလောဆို ခြိမ်းခြောက်မှုတွေပေါ့၊ ပြီးခဲ့တဲ့ တစ်နှစ်ကို ပြန်ကြည့်မယ်ဆိုရင် တရားစွဲဆိုတဲ့အမှုတွေ တက်လာတယ်၊ နောက်တစ်ခုက တရားရေးစနစ် ကလည်း အမှုတွေမှာ လွတ်လွတ်လပ်လပ်စီရင်နိုင်တာ မတွေ့ရဘူး၊ ဥပမာ တပ်မတော်တို့ အစိုးရတို့က မီဒီယာကိုစွဲဆိုတဲ့အမှုတွေမျိုးဆို တရားစီရင်ရေးစနစ်ကို လွှမ်းမိုးတယ်လို့ ခံစားရတယ်၊ အစီရင်ခံစာတွေ ကလည်း အဲဒီမျိုးဂယက်တွေ အယူအဆတွေ အကဲဖြတ်မှုမျိုးတွေရှိလိမ့်မယ်လို့ ကျနော်ထင်တယ်”
အစိုးရသစ်လက်ထပ်မှာ ဆက်သွယ်ရေးဥပဒေ ၆၆(ဃ)နဲ့ တရားစွဲဆိုတာဟာ ၁၇၄မှုရှိပြီး ၂၀၁၈ တစ်နှစ်တည်းမှာဘဲ အစိုးရနဲ့ တပ်မတော်ကနေ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုတာဟာ ၁၄မှုနဲ့ ငြိမ်းစုစည်းဥပဒေနဲ့ တရားဥပဒေနဲ့ ၁၂၄ ဦးကို တရားစွဲဆိုခဲ့တယ်လို့ အသံအဖွဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
ဒီကိန်းဂဏန်းတွေကို ကြည့်ချင်းအားဖြင့် အစိုးရသစ်လက်ထပ်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဟာ ကျဆင်းနေတာတယ်လို့ အသံအဖွဲ့ တည်ထောင်သူနဲ့ သုတေသနမန်နေဂျာ ကိုရဲဝေဖြိုးအောင်က ပြောပါတယ်။
“ဒါတွေက လိမ်လို့မရတဲ့ ကိန်းဂဏန်းပေါ့နော်၊ အဲတေ့ာ ကိန်းဂဏန်းအရပြောရရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဟာ ကျနေတာ အနုတ်လက္ခဏာဘက်ကို ဆောင်နေတယ်လို့ ပြောလို့ရပါတယ်”
သြင်္ကန်သံချပ်မှာ တပ်ကိုသရော်တာကြောင့် တပ်မတော်က ၆၆ (ဃ)နဲ့တရားစွဲဆိုခံထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ကိုဇေယျာလွင်ကတော့ အစိုးရသစ်လက်ထက်မှာ လွတ်လပ်စွာထုတ်ပြောဆိုခွင့်ဟာ ကျဆင်းနေပြီး အဓိက ၂၀၀၈ အခြေခံဥပဒေကြောင့်လို့ သူအမြင့်ကို အခုလိုပြောပါတယ်။
“ NLDအစိုးရတက်လာတဲ့အခါမှာ နိုင်ငံရေးလှုပ်ရှားမှုတွေရော လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေရောဟာ အရင်ပုံမှန်ထက်စာရင် ပိုပြီးတော့ ကျဆင်းလာတာအမှန်ပဲလို့ ကျနော်တို့ကပြောချင်တယ်၊ အစိုးရပိုင်းအနေနဲ့ လုပ်ဆောင်တဲ့အခါမှာ ထိန်းချုပ်တာကတစ်ပိုင်း အဲဒါကိုတပ်က ဝင်ရောက်စွက်ဖက်ပြီး လုပ်ဆောင်တာက တစ်ပိုင်း အဲလိုနှစ်ပိုင်းလို့ ပြောချင်တယ်၊ ဥပမာ ကျနော်တို့ကို စွဲတဲ့ဟာတွေဆိုရင် အစိုးရက စွဲတာမဟုတ်ဘဲနဲ့ တပ်ကစွဲတာမျိုးဖြစ်တယ်၊ လည်ပတ်တဲ့ယန္တရားပုံစံတွေကစ တပ်မတော်ကလုပ်တဲ့ဟာတွေကို အစိုးရက ဘာမှပြောဆိုပိုင်ခွင့် မရှိတဲ့ဟာမျိုးတွေမှာ ဒီလိုမျိုးပြဿနာတွေများကြီးဖြစ်လာတယ်၊ အဓိကကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်ပေါ့”
ဒီလို့ HRW ရဲ့ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မုံရွာအောင်ရှင်ကို RFAက မေးမြန်းကြည်ရာမှာတော့
“ဒါကတော့ အချိန်ကာလနဲ့ပဲ ဆိုင်လိမ့်မယ်လို့ထင်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ အရင်တုန်းက ဒီထက်မက ဘာမှပြောခွင့်မရှိဘူးဗျ၊ ခုဒီဘက်အစိုးရလက်ထပ်မှာ တော်တော်များများ ပြောခွင့်ဆိုခွင့်ရေးခွင့်တွေရှိလာတယ်၊ အဲဒါတွေနဲ့လည်း ယှဉ်ကြည်ဖို့လိုလိမ့်မယ်လို့ထင်တယ်၊ အချိန်ကာလတစ်ခုထဲကို ကွက်ပြီးတော့ ပြောလို့ ဆုံးဖြတ်လို့တော့ မရဘူးထင်တယ်”
သြင်္ကန်သံချပ်မှာ တပ်မတော်ယူနီဖောင်းကို ဝတ်ဆင်ဖျော်ဖြေခဲ့တာကြောင့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုဖို့ရှိတယ်လို့ တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း RFA ကို ဒီနေ့ပြောပါတယ်။
“ကျနော်သိတာကတော့ ၅၀၅(ခ)နဲ့ စွဲမယ်ဆိုတာကို သိရတယ်၊ ရန်ကုန်တိုင်းက ပြောရေးဆိုခွင့် ရှိသူပြောတာကတော့ ဒေါင်းတို့မျိုးဆက်လို့ပြောတယ် ဘယ်အချက်တွေကြောင့် စွဲတာလည်းဆိုတော့ အဓိကကတော့ အဲထဲမှာပါတဲ့ စစ်ဝတ်စုံတွေနဲ့ လုပ်တဲ့ကိစ္စတွေပါပဲ”
လူ့အခွင့်ရေး၊ လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော် စီစဉ်ကျင်းပနေတဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီး ကို သူရဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့တာကြောင့် တပ်မတော်က တရားစွဲဆိုတာကိုလည်း HRWအဖွဲ့က ထောက်ပြပြောဆိုထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။