ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် လေးဦးကို ပုဒ်မ ၆၆(ဃ) နဲ့ ထပ်မံတရားစွဲ


2019.08.21
peacock-generation-court-jul29-622.jpg ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေကို ၂၀၁၉၊ ဇူလိုင် ၂၉ ရက်နေ့က ဗိုလ်တထောင်တရားရုံးမှာ ရုံးထုတ်စဉ်
ဓါတ်ပုံ - အောင်သိင်္ခ/ RFA

နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် လေးဦးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တပ်မတော်က ထပ်မံတရားစွဲဆိုလိုက်ပါတယ်။

ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယ ဗိုလ်မှူးကြီး သန်းထွန်းမြင့်က တရားလိုလုပ်ပြီး စွဲဆိုလိုက်တာဖြစ်ကြောင်း ဒီနေ့ မရမ်းကုန်းမြို့နယ် တရားရုံးထုတ်မှာ တရားသူကြီးက ပြောလိုက်တာ ဖြစ်ပါတယ်။

သံချပ် ဖျော်ဖြေမှုတွေကို လူမှုကွန်ယက်မှာ တင်ခဲ့တာတွေဟာ တပ်မတော်ကို ထိခိုက်စော်ကားတာ ဖြစ်တဲ့အတွက် ပုဒ်မ ၆၆(ဃ) အမှုနဲ့ တရားစွဲဆိုတာဖြစ်တယ်လို့ သိရကြောင်း တရားစွဲဆို ခံရသူတွေထဲက ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ကိုပိုင်ရဲသူက ပြောပါတယ်။

ဒီလို တရားစွဲဆိုတာဟာ တရားမျှတမှု မရှိဘူးလို့ သံချပ်အဖွဲ့ဝင်တွေရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

ပုဒ်မ ၅၀၅(က) အမှုနဲ့ ပတ်သက်ပြီး လာမယ့် သြဂုတ်လ ၂၈ ရက်နေ့မှာ စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဖက် လျှောက်လဲချက် တင်သွားမှာလည်းဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအမှု ပြီးပြတ်ခါနီးအချိန်မှာ နောက်ထပ်အမှု ထပ်တိုးစွဲလိုက်တာနဲ့ ပတ်သက်လို့ လွှတ်တော်နဲ့ အခြား အစိုးရအဖွဲ့အစည်းတွေဆီကို အကြောင်းကြားသွားဖို့ရှိတယ်လို့ ရှေ့နေ ဒေါ်စန်းစန်းမြင့် က ပြောပါတယ်။

ဒီနေ့တရားရုံးထုတ်မှာ နောက်တိုး တရားလိုပြသက်သေ ဗိုလ်ကြီး ဝေဖြိုးကျော်ဟာ ဒေါင်းတို့မျိုးဆက် သံချပ် အဖွဲ့တွေရဲ့ သံချပ်စာသားတွေနဲ့ ပတ်သက်ပြီးမခံချင်လို့ တရားစွဲဆိုကြောင်း ဖြေခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ၅၀၅(က) မှာမခံချင်လို့ တရားစွဲဆိုတယ်ဆိုတဲ့ အဓိပ္ပယ်ဖွင့်ဆိုချက် မရှိဘူးလို့ ပြောပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို တပ်မတော်က တရားစွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(က)နဲ့ သြဂုတ်လ ၂၃ ရက်နေ့မှာ ထပ်မံ တရားရုံးထုတ်သွားမှာ ဖြစ်ပြီး မရမ်းကုန်းတရားရုံးထုတ်ကို သြဂုတ်လ ၂၈ ရက်နေ့မှာ ရုံးထုတ်သွားမှာ ဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။