သိန္နီမြို့ပေါ်မှာ လက်နက်ကြီးကြောင့် နေအိမ်ဆယ်လုံး မီးလောင်ပျက်စီး
သီန္နိမြို့ပေါ်မှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်ဆယ်လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
-
RFA Burmese
2023-12-11 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီန္နိမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၀ ရက်မနေ့ည ၁၁ နာရီခန့် စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ရပ်ကွက် (၁) ဈေးအနီးမှာရှိတဲ့ နေအိမ်ဆယ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိန္နီမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ညက လက်နက်ကြီးပစ်သံတွေ မြို့တစ်ဖက် စစ်တပ်ထဲကနေ ကြားရတယ်။ ဒလက်ဆယ်ခုပါတဲ့ အကြီးတွေနဲ့ ပစ်တာ။ ၁၂ လုံးပစ်တာ။ ကျည်ခွံတွေ ဒီမနက် တွေ့ရတယ်။ မြို့ထဲကိုကျတာက ဈေးနားက နေအိမ်ဆယ်လုံး အတန်းလိုက်ပဲ မီးလောင်သွားတာ။ လက်နက်ကြီးတစ်လုံးကတော့ လူနေအိပ်ခန်းထဲကို ကျတာဗျ”
မြို့ခံတွေဟာ နေ့ခင်းပိုင်းဆိုရင် နေအိမ်တွေမှာပြန်လာနေကြပြီး ညပိုင်းမှာတော့ နီးစပ်တဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားအိပ်တာကြောင့် လူထိခိုက်မှုတော့ မရှိဘူးလို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
သိန္နီမြို့ပေါ်မှာ အောက်တိုဘာ ၂၇ ရက်ကတည်းက MNDAA တပ်ဖွဲ့ဝင်အချို့တပ်စွဲထားပြီး မြို့တစ်ဖက်ခြမ်းက ကျောင်းခမ်းရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ် စကခ (၁၆) အနီးမှာလည်း တိုက်ပွဲမကြာခဏ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ဘက်က အခုလိုပဲ လက်နက်ကြီးနဲ့ မြို့ပေါ်ကိုပစ်ခဲ့တာကြောင့် အရပ်သား သုံးဦးထက်မနည်း သေဆုံးခဲ့ပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။
မြို့ပေါ်မှာ လျှပ်စစ်မီး၊ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာ တစ်လကျော်ရှိနေပြီဖြစ်ပြီး အဆက်အသွယ်ရဖို့ ဖုန်းလိုင်းရှိတဲ့ တောင်ပေါ်လိုနေရာတွေကို သွားရောက်ဆက်သွယ်နေရတယ်လို့ ဆိုပါတယ်။
သိန္နီနဲ့ လားရှိုးကိုဆက်သွယ်ထားတဲ့ တံတားပျက်စီးနေတာကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပြီး ဆန်နဲ့ စားသောက်ကုန်တွေ ပြတ်လပ်တော့မယ် အခြေအနေနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ မြို့ပေါ်မှာ မနက်ခင်း ဟင်းသီးဟင်းရွက်လာရောင်းတဲ့ ဈေးတစ်ခုသာ ဖွင့်နိုင်တယ်လို့လည်း ဆိုပါတယ်။
တိုက်ပွဲကြောင့် သိန္နီမြို့ခံ တစ်သောင်းကျော်ကတော့ လားရှိုးမြို့ အပါအ၀င် နီးစပ်ရာမြို့တွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။