ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲဆက်ဖြစ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တခေါခွန်ကျေးရွာအနီးမှာ ဧပြီလ ၁၆ ရက်နေ့ကနေ ၁၇ ရက်နေ့ မနေ့ညပိုင်းအထိ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တို့ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဆီဆိုင်မြို့ခံတွေက ပြောပါတယ်။
-
RFA Burmese
2024-04-16 -
-
-
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တခေါခွန်ကျေးရွာအနီးမှာ ဧပြီလ ၁၆ ရက်နေ့ကနေ ၁၇ ရက်နေ့ မနေ့ညပိုင်းအထိ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တို့ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဆီဆိုင်မြို့ခံတွေက ပြောပါတယ်။
ဆီဆိုင်မြို့ကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်က မြို့အပြင်ဘက်က ကျေးရွာတွေအထိပါ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ ဒေသခံက ပြောပါတယ်။
“နှစ်ရက် ဆက်တိုက်ရှိပြီ ဖြစ်နေတာ။ ဆီဆိုင်ကနေ လွိုင်ကော်ဘက်ထွက်တဲ့ ရွာတွေဘက်ကို စစ်တပ်က စစ်ကြောင်းထိုးနေတာ။ အဲဒီမှာ ပြန်ဖြစ်တာ။ တခေါခွန်ရော ပုံးလောင်းက ရွာခံတွေ ပြန်ပြေးနေရတယ်”
တိုက်ပွဲကြောင့် ထွက်ပြေးနေရသူတွေရဲ့ အရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ ဒေသခံက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာတော့ ပစ်ခတ်သံတွေ ငြိမ်နေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်နဲ့ PNLA ပြောခွင့်ရသူတွေကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
အခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ကနေ မတ်လ ၂၅ ရက်နေ့အထိ ဆီဆိုင်မြို့ကို PNLA တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီး မတ်လ ၂၅ ရက်နေ့ နောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်က မြို့ရဲ့ နေရာအများစုကို ပြန်လည် ထိုးစစ်ဆင်သိမ်းပိုက်ထားပါတယ်။
မြို့အစွန်ပိုင်း ကျေးရွာတွေအနီးမှာ ရှိနေတဲ့ PNLA တပ်ဖွဲ့တွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့တွေက ဆက်လက်ထိုးစစ်ဆင်နေပြီး PNLA ဘက်ကလည် ပြန်လည်ခုခံနေတာကြောင့် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပအိုဝ်းဒေသ ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံးမြို့နယ်အတွင်းမှာ သုံးလနီးပါး တိုက်ပွဲအတွင်း အရပ်သား ၆၁ ဦး သေဆုံးခဲ့ပြီး ၇၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ရဲ့ ဧပြီလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။