သီပေါနဲ့ နမ္မတူမှာ ရေဘေးအန္တရာယ် ကြုံနေရ

သီပေါနဲ့ နမ္မတူမြို့နယ်မှာ မိုးကြီးပြီး ဒုဋ္ဌဝတီမြစ်ရေနဲ့ နမ္မတူချောင်းရေ မြင့်တက်လာတာကြောင့် မြစ်ချောင်းဘေးမှာ နေထိုင်သူတွေ ရေဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက အောက်တိုဘာလ ၁၃ ရက်မှာ ပြောပါတယ်။

သီပေါမြစ်ရေ လျှံတက်မှုကြောင့် ရေနစ်မြုပ်နေသည့် နေအိမ်အချို့ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့ က တွေ့ရစဉ်။ Citizen Journalist

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်နဲ့ နမ္မတူမြို့နယ်အတွင်းမှာ အခုရက်ပိုင်း မိုးကြီးပြီး ဒုဋ္ဌဝတီမြစ်ရေနဲ့ နမ္မတူချောင်းရေ မြင့်တက်လာတာကြောင့် မြစ်ချောင်းဘေးမှာ နေထိုင်သူတွေ ရေဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက အောက်တိုဘာလ ၁၃ ရက်မှာ ပြောပါတယ်။

သီပေါမြို့မှာဆိုရင် ဒီမနက် အစောပိုင်းကစပြီး ဒုဋ္ဌဝတီမြစ်ရေ တက်လာလို့ မြစ်ဘေးမှာရှိတဲ့ ဈေးရပ်ကွက်နဲ့ ပန်းတိမ်တောင်ရပ်ကွက်အတွင်းက အိမ် ခြေ ၅၀ ကျော် ရေစတင်နစ်မြုပ်နေပြီလို့ ရေဘေးသင့်သူ တွေကို ကူညီကယ်ဆယ်ရေး လုပ်ပေးနေတဲ့ သီပေါမြို့နယ် စည်းမခြား ပရဟိတအသင်း ဥက္ကဋ္ဌ ကိုမျိုးက ပြောပါတယ်။

“ဒီမနက်အစောပိုင်းကတည်းက ရေစတက်လာတော့ မြစ်ဘေးမှာ အခု သဲအိတ်တွေ ကာနေတယ်။ တချို့ အိမ်တွေက ရေဝင်ပြီဆိုတော့ အခုပြောင်းရွှေ့ဖို့အတွက် ကူညီပေးနေကြတာလည်းရှိတယ်”

ရေဝင်တဲ့ ရပ်ကွက်က နေအိမ်တွေ ရွှေ့ပြောင်းနိုင်ရေး မီးသတ်တပ်ဖွဲ့၊ ပရဟိတအဖွဲ့တွေနဲ့ စစ်ကောင်စီတပ် အဖွဲ့ဝင်တွေက ကူညီပေးနေတယ်လို့လည်း သူက ဆိုပါတယ်။

အလားတူ နမ္မတူမြို့နယ်အတွင်းမှာလည်း ချောင်းရေကြီးတာကြောင့် ပန်ဟိုက်ရပ်ကွက် အပါအဝင် ချောင်းဘေး နေအိမ်တွေနဲ့ ရွာတချို့ ရေနစ်မြုပ်တာ ရှိတယ်လို့ နမ္မတူမြို့ခံ ဦးရွှေက ပြောပါတယ်။

“နမ္မတူချောင်းက သိန္နီမြို့ဘက်ကနေ စီးလာတဲ့ချောင်းလေနော်။ မိုးရွာတာက ဆက်တိုက်ဆိုတော့ အပေါ်ကနေ စပြီး ရေကြီးလာတာ။ အခုချောင်းဘေးတစ်လျှောက်က မုံးရင်တို့၊ ပန်လုံတို့၊ ပုံဝိုးတို့ အဲဒီရွာတွေ အကုန်လုံး ရေမြုပ်တာ။ နမ္မတူမှာဆိုရင် ပန်ဟိုက်ရပ်ကွက်လို အနိမ့်ပိုင်းတွေ ရေဝင်တာပေါ့။ ဒီချောင်းရေတွေက သီပေါကို စီးဝင်တာဆိုတော့ သီပေါမှာလည်း ရေကြီးတာပေါ့”

ရေနစ်မြုပ်တဲ့ နေအိမ်အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒုဋ္ဌဝတီမြစ် (သီပေါ) ရဲ့ စိုးရိမ်ရေအမှတ်ဟာ ၆၀၀ စင်တီမီတာ ရှိတာ ဖြစ်ပါတယ်။ ဒီမနက် ၆ နာရီ တိုင်းထွာချက်အရ သီပေါမြစ်ရေဟာ ၄၄၂ စင်တီမီတာမှာရှိနေပြီး အရင်ရက်ထက် ၁၆၂ စင်တီမီတာ တိုးလာတယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီမနက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အောက်တိုဘာ ဒုတိယပတ်ကစလို့ မြန်မာနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းနေမှုနဲ့အတူ မြစ်ရေမြင့်တက်မှုတွေ ကြောင့် ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ မွန်ပြည်နယ်အပါအဝင် ဒေသတချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပါတယ်။
 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org