ထီးခီးနယ်စပ်ဂိတ်နဲ့ပတ်သက်တဲ့ စစ်ဆေးတေ့ွရှိချက်ကို တိုင်းအစိုးရထံ တင်ပြထား
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ထီးခီးနယ်စပ်ဂိတ်မှာ တာဝန်ကျနေတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အဂတိလိုက်စားမှုတွေ ရှိတယ်ဆိုတဲ့ တိုင်ကြားချက်တွေနဲ့ပတ်သက်ပြီး စစ်ဆေးတေ့ွရှိချက်တွေကို တိုင်းအစိုးရအဖွဲ့ထံ တင်ပြလိုက်ပါတယ်။
-
2018-07-07 -
-
-
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ထီးခီးနယ်စပ်ဂိတ်မှာ တာဝန်ကျနေတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အဂတိ လိုက်စားမှုတွေရှိတယ်ဆိုတဲ့ တိုင်ကြားချက်တွေနဲ့ပတ်သက်ပြီး စစ်ဆေးတေ့ွရှိချက်တွေကို တိုင်းအစိုးရအဖွဲ့ထံ တင်ပြလိုက်ပါတယ်။
ထီးခီးနယ်စပ်ဂိတ် တာဝန်ကျဝန် ထမ်းတွေကို ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစပြီး စစ်ဆေးခဲ့တာဖြစ်ပြီး နယ်စပ်ဖြတ် သန်းခ ပိုမိုကောက်တာတွေ တွေ့ရှိထားတယ်လို့ ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးက ဦးစီးအရာရှိ ဦးဝေဖြိုးလင်းက ပြောပါတယ်။
"ကာစီနိုလောင်းကစားဝိုင်းတွေကိုတော့ ဒီဌာနတွေကနေ ဘတ်ငွေသန်းပေါင်းများစွာ လဒ်ငွေယူပြီးတော့ ဖွင့်ထားတယ်ဆိုတာ မဟုတ်ပါဘူးပေါ့၊ ဒီဟာကတော့ ငြိမ်းချမ်းရေးယူထားတဲ့ KNU အဖွဲ့တွေက ဖွင့်ထား တာပေါ့ဗျာ၊ ဒီအပေါ်မှာလည်း ကျနော်တို့ဌာနဆိုင်ရာတွေက သူတို့ဖွင့်ထားတာနဲ့ ပတ်သက်ပြီး သိပ်လွှမ်းမိုးမှု မရှိဘူးပေါ့၊ ယခင်ကတည်းက ဒီနယ်မြေတွေက သူတို့နယ်မြေဖြစ်တော့လေ၊ ဒါပေမဲ့ မြန်မာဘက်ကနေ ထိုင်းဘက်ကိုသွားတဲ့သူတွေဆီကနေ စရဖရယ်၊ ရဲရယ်၊ SB ရယ် ၊ လဝကရယ်၊ အကောက်ခွန်၊ KNU အဖွဲ့တွေက ဘတ် တစ်ရာစီကောက်တယ်လို့ ရွာသားတွေ ကိုယ်တိုင်က ထွက်ဆိုပါတယ်၊ အဲဒီအချက်ကတော့ စစ်ဆေးပေါ်ပေါက်ပါတယ်၊ အစိုးရအဖွဲ့ရုံးကိုပေါ့ ဒီကောက်ခံတဲ့ကိစ္စတွေကို ဌာနဆိုင်ရာတွေကို ကြပ်မတ်သင့် တယ်လို့ ဇွန်လ ၂၇ ရက်နေ့က တင်လိုက်တယ်ခင်ဗျ ၊ ပြန်ပြီးတော့ ညွှန်ကြားချက်တော့ မလာသေးဘူးခင်ဗျ"
ဌာနဆိုင်ရာဝန်ထမ်းတွေက မြန်မာဘက်ခြမ်းကနေ ထိုင်းနိုင်ငံဘက်ဆီသွားရောက်မယ့် သူတွေဆီကနေ တစ်ယောက်ကို ထိုင်း ဘတ်ငွေ တစ်ရာစီကောက်ခံရာမှာ လူတစ်ယောက်ဟာ ဌာန ၆ ခုလောက်အတွက် ဘတ် ၆ဝဝ လောက်ထိ ပေးနေရတာပါ။
တရားဝင်အရ ထိုင်းနိုင်ငံဘက်ဆီသွားမယ်ဆိုရင် လ.ဝ.က ဌာနက တစ်ယောက်ကို မြန်မာကျပ်ငွေ ၈ဝဝ သာကောက်ခံရမှာဖြစ်ပေမယ့်လည်း ဘတ်တစ်ရာကောက်ခံတဲ့အတွက် ငွေလဲလှယ်နှုန်းအရဆိုရင် တစ်ယောက်ကို မြန်မာကျပ်ငွေ ၃ ထောင်ကျော်လောက် ပေးနေရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ ရက်စွဲနဲ့ ထီးခီးနယ်စပ်ဂိတ်က အကောက်ခွန်၊ လ.ဝ.က ၊ နယ်စပ်ကုန်သွယ်ရေး စတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေက ငြိမ်းချမ်းရေးယူထားတဲ့ KNU အဖွဲ့နဲ့ပူးပေါင်းပြီး ကာစီနိုလောင်း ကစားဝိုင်းတွေဖွင့် လှစ်ကာ ထိုင်း ဘတ်ငွေ သန်းနဲ့ချီကာ အဂတိလိုက်စားမှုတွေ ရှိနေတဲ့အတွက် အရေးယူပေးဖို့ဆိုပြီး နိုင်ငံတော် သမ္မတရုံးထံ တိုင်ကြားချက်ရောက်ရှိနေတာဖြစ်ပါတယ်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးကနေ စစ်ဆေးပေးဖို့ဆိုပြီး ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို ညွှန်ကြားချက် အရ ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင် ဦးဆောင်တဲ့အဖွဲ့က စစ်ဆေးခဲ့တာဖြစ်ပါတယ်။
ကာစီနိုလောင်းကစားဝိုင်းတွေမှာ ထိုင်း ဘတ်ငွေသန်းနဲ့ချီပြီး အဂတိလိုက်စားတယ်ဆိုတဲ့ တိုင်ကြားချက်နဲ့ပတ်သက် တာတွေကို စစ်ဆေးချက်အရ မပေါ်ပေါက်ခဲ့ဘူးလို့ ဆိုပါတယ်။ အဲဒီလောင်းကစားဝိုင်းတွေဟာ ကေအန်ယူနယ်မြေ အတွင်းမှာဖြစ်တာကြောင့် စစ်ဆေးဖို့ ခက်ခဲတယ်လို့လည်း ဦးဝေဖြိုးလင်းက ပြောပါတယ်။
အဲဒီနယ်စပ်ဂိတ်ဟာ KNU ကရင်အမျိုးသားအစည်းအရုံးအဖွဲ့ နယ်မြေစိုးမိုးတဲ့နေရာဖြစ်တဲ့အတွက် ကာစီနိုလောင်း ကစားရုံတွေဖွင့်လှစ်ထားတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး KNU ထားဝယ်ခရိုင်ရုံး တာဝန်ခံဆီ RFA က ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။