ထီးခီးနယ်စပ်ဂိတ်မှာ အဂတိလိုက်စားမှုတွေရှိနေကြောင်း တိုင်ကြားချက်ကို စစ်ဆေးနေ


2018.06.09

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ထီးခီးနယ်စပ်ဂိတ်မှာ တာဝန်ကျနေတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး အဂတိလိုက်စားမှုတွေရှိနေတယ်လို့ တိုင်ကြားထားတဲ့အတွက် ထားဝယ်ခရိုင်အုပ်ချုပ်ရေးဌာနက စစ်ဆေးနေပါတယ်။

ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင် ဦးဆောင်တဲ့အဖွဲ့က ထီးခီးနယ်စပ်ဂိတ် တာဝန်ကျဝန်ထမ်းတွေကို ဇွန်လဆန်းပိုင်းကစပြီး စစ်ဆေးနေတယ်လို့ ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှုးရုံးက ဦးစီးအရာရှိ ဦးဝေဖြိုးလင်းက ပြောပါတယ်။

"ထီးခီးမှာတာဝန်ကျနေတဲ့ ဌာနဆိုင်ရာတွေရှိတယ်ပေါ့၊ ဒေသခံ KNU ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ ပေါင်းပြီးတော့ ကာစီနိုဝိုင်းတွေ ဖွင့်ထားတယ်၊ အဲဒီလောင်းကစားရုံတွေမှာ ထိုင်း၊ လာအို၊ ကမ္ဘောဒီယားက နိုင်ငံခြားသားတွေ လာကစားတယ်ပေါ့ ၊ နိုင်ငံခြားသားတွေ ဝင်တာထွက်တာကိုလည်းပေါ့၊ စစ်ဆေးမေး မြန်းမှုမရှိဘဲနဲ့ အဝင်ခံတယ်ပေါ့ဗျာ၊ ဒီကသွားပြီး အလုပ်လုပ်တဲ့သူတွေကျတော့ ဘတ်ငွေတွေ၊ အခွန်တွေ ကောက်ခံတယ်ပေါ့၊ အဲဒါကို နိုင်ငံတော်သမ္မတရုံးကို တင်ပြထားတာ"

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ ရက်စွဲနဲ့ ထီးခီးနယ်စပ်ဂိတ်က အကောက်ခွန်၊ လ.ဝ.က ၊ နယ်စပ်ကုန်သွယ်ရေး စတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ အဂတိလိုက်စားမှုတွေကို အရေးယူပေးဖို့ဆိုပြီး နိုင်ငံတော် သမ္မတရုံးထံ တိုင်ကြားချက် ရောက်ရှိနေတာဖြစ်ပါတယ်။

အဲဒီတိုင်ကြားစာကို သမ္မတရုံးက တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ စစ်ဆေးဖို့ တာဝန်ပေးထားတဲ့အတွက် ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင် ဦးဆောင်ပြီး အဖွဲ့ဖွဲ့ကာ စစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနယ်စပ်ဂိတ်ဟာ KNU ကရင်အမျိုးသားအစည်းအရုံးအဖွဲ့ နယ်မြေစိုးမိုးတဲ့နေရာဖြစ်ပြီး တရားမဝင် ကာစီနိုလောင်းကစားရုံတွေကို ဖွင့်လှစ်ထားပြီး ဌာနဆိုင်ရာတွေ ပါဝင်ပတ်သက်မှု ရှိ မရှိ စစ်ဆေးနေတာလို့ ပြောပါတယ်။

အဲဒီကာစီနိုလောင်းကစားရုံတွေဆီ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက နိုင်ငံခြားသားတွေ ဝင်ထွက်သွားလာနေကြတာကို ဌာနဆိုင်ရာတွေက ခွင့်ပြုနေတယ်လို့ တိုင်ကြားချက်မှာ ပါရှိတယ်လို့ သိရပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။