လူ့အခွင့်အရေး သတင်းဆု RFA နဲ့ မြန်မာဓာတ်ပုံ သတင်းထောက်တို့ ရရှိ
အာရှတိုက်တလွှားက လူ့အခွင့်အရေးဆိုင်ရာ သတင်းပေးပို့ချက်တွေနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ အာရှအသံ ( Radio Free Asia ) အပါအဝင် AFP၊ CNN၊ Al Jazeera၊ Time မဂ္ဂဇင်း စတဲ့ သတင်းဌာန (၉) ခုကို လူ့အခွင့်အရေး သတင်းဆု ချီးမြှင့်လိုက်ကြောင်း ဟောင်ကောင်အခြေစိုက် သတင်းအဖွဲ့ကြီး တစ်ခုက စနေနေ့က ကြေညာလိုက်ပါတယ်။
-
2012-04-21 -
-
-
ဟောင်ကောင် နိုင်ငံခြား သတင်းထောက်များအသင်း၊ ဟောင်ကောင် သတင်းစာဆရာများ အသင်းနဲ့ ဟောင်ကောင် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တို့ ပူးပေါင်းပြီး (၁၆) ကြိမ်မြောက် လူ့အခွင့်အရေး သတင်းဆုတွေကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ၊ လူကုန်ကူးမှု၊ ဘာသာရေးအရ သဘောထားကြီးမှု၊ တရုတ်ပြည်က ဖိနှိပ်ခံနေကြရတဲ့ အနုပညာရှင်တွေနဲ့ တက်ကြွ လှုပ်ရှားသူတွေအကြောင်း စတဲ့ အကြောင်းအရာတွေ အပေါ် ရေးသား ထုတ်လွှင့်ချက်တွေထဲကနေ ရွေးချယ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
ချီးမြှင့်ခဲ့တဲ့ ဆုတွေထဲမှာ AFP သတင်းဌာနအတွက် ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံက ဓာတ်ပုံ သတင်းထောက် ကိုစိုးသန်းဝင်းဟာ လူ့အခွင့်အရေး သတင်းဓာတ်ပုံဆု ရရှိခဲ့ပါတယ်။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်၊ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေနဲ့ ဆုရရှိခဲ့တာ ဖြစ်ပါတယ်။