CNN သတင်းထောက်နဲ့ စကားပြောလို့ ဖမ်းဆီးခံရသူတွေ ပြန်မလွတ်သေး
2021.04.04

ရန်ကုန်မြို့မှာ သတင်းယူခဲ့တဲ့ CNN သတင်းထောက်နဲ့ စကားပြောခဲ့တာကြောင့် ဖမ်းဆီးခံရတဲ့သူတွေ ဒီကနေ့ည ၈ နာရီအထိ ပြန်မလွတ်သေးဘူးလို့ မိသားစုတွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီ ပြောခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက… CNN သတင်းထောက်နဲ့ စကားပြောတာကြောင့် ဖမ်းဆီးထားသူတွေကို ဒီနေ့ တနင်္ဂနွေနေ့မှာ ပြန်လွှတ်ပေးမယ်ဆိုပြီး ပြောကြားတယ်လို့ ဧပြီ ၄ ရက် ဒီနေ့ CNN သတင်းမှာ ရေးသားထားပါတယ်။
ဖမ်းဆီးခံထားရသူတွေထဲက တစ်ဦးဖြစ်တဲ့ မယဉ်သက်တင်ရဲ့ မိသားစုဝင်တစ်ဦးက… "ဒီနေ့ ရွှေပြည်သာ စစ်ကြောရေးကို သွားကြည့်ခဲ့တယ်။ ဘာမှပြန်လွှတ်ပေးတာမရှိသေးဘူး၊ အဆက်အသွယ်လည်းမရသေးဘူး။ အဲ့ဒီစစ်ကြောရေးက အစောင့်ကတော့ သူတို့ကို ကောင်းကောင်းမွန်မွန် ထားထားတယ်လို့တော့ ပြောတယ်။ အမြန်ပြန်လွှတ်ပေးစေချင်တယ်" လို့ RFA ကို ပြောပါတယ်။
CNN သတင်းထောက် Clarissa Ward ဟာ မြန်မာစစ်တပ်ရဲ့ ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံကို ရောက်ခဲ့ပြီး စစ်တပ် အစောင့်အကြပ်နဲ့ လှည့်လည် သတင်းယူခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီလို သတင်းယူစဉ် ဧပြီလ ၂ ရက်နေ့က ရန်ကုန်မြို့ အင်းစိန် ဆယ်မိုင်ကုန်းဈေးအနီးမှာ ဒေသခံတချို့နဲ့ စကားပြောခဲ့တာရှိပြီး သူပြန်သွားချိန်မှာ စကားပြောခဲ့တဲ့ ဒေသခံတွေဖမ်းဆီးခံရတာဖြစ်ပါတယ်။
သတင်းထောက် Clarissa Ward နဲ့ စကားပြောခဲ့လို ဖမ်းဆီးခံရသူ စုစုပေါင်း ရှစ်ဦးရှိတယ်လို့ CNN သတင်းမှာ ဖော်ပြပါတယ်။ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတချို့ကို RFA က မေးမြန်းရာမှာတော့ ဒီကနေ့ ညပိုင်းထိ ပြန်လွတ်လာတာ မရှိသေးဘူးလို့ သိရပါတယ်။
ဖမ်းဆီးခံထားရသူတွေကို ရန်ကုန်၊ ရွှေပြည်သာ စစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့ ဖမ်းခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။