ရနောင်းမှာ လူကုန်ကူးသူတွေ ပစ်ထားခဲ့တဲ့ မြန်မာတွေကို ထိုင်းကယ်တင်

ရနောင်း-ချွန်ဖွန်အနီးက တောထဲမှာ လူကုန်ကူးသူတွေ ထားပစ်ခဲ့တဲ့ မြန်မာနိုင်ငံသား ကိုးယောက်ကို ဒေသအာဏာပိုင်တွေက ကယ်တင်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့က ကန်ချနပူရီခရိုင် ထုတ်ဖာဖွန်မြို့နယ်အနီးတွင် ထိုင်းရဲတပ်ဖွဲ့က ယာဉ်များကို စစ်ဆေးနေစဉ်။ Kiana Duncan/RFA

ထိုင်းနိုင်ငံ၊ ရနောင်း-ချွန်ဖွန်အနီးက တောထဲမှာ လူကုန်ကူးသူတွေ ထားပစ်ခဲ့တဲ့ အသက် နှစ်နှစ်ကနေ ခြောက်နှစ်အတွင်း ကလေး လေးယောက် အပါအဝင် မြန်မာနိုင်ငံသား ကိုးယောက်ကို ဒေသအာဏာပိုင်တွေက ကယ်တင်ခဲ့တယ်လို့ Khaosod English သတင်းမှာ မနေ့က ဖော်ပြပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့က ရနောင်းခရိုင်၊ ကပိုးမြို့နယ်အတွင်း တောထဲမှာ လမ်းပျောက်ပြီး နွမ်းနယ်နေပုံပေါ်တဲ့ သံသယဖြစ်စရာ လူတစ်စုကို တွေ့ရတယ်ဆိုတဲ့ သတင်းအရ ဒေသဆိုင်ရာရဲတွေ ပူးပေါင်းရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ တောထဲမှာ ပုန်းနေတဲ့ ကလေးတွေနဲ့ အမျိုးသား တစ်ယောက် အမျိုးသမီး လေးယောက်ကို တွေ့ခဲ့ရပြီး နှစ်နှစ်အရွယ် ကလေးတစ်ယောက်က ဗိုက်ဆာလို့ ငိုနေတာကို တွေ့ရကြောင်း သတင်းမှာ ဖော်ပြပါတယ်။

သူတို့ဟာ ဆွေမျိုးတွေရှိရာ မလေးရှားကို သွားဖို့ထွက်လာကြတာဖြစ်ပြီး မြန်မာနိုင်ငံ ထားဝယ်ကနေ ရနောင်းမြို့လှေဆိပ်အထိ စက်လှေနဲ့ လိုက်လာကြတာဖြစ်ကြောင်း ကနဦး စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။ အဲဒီနောက် Koh Song ပြည်နယ်ထဲကို ယာယီဖြတ်သန်းခွင့်လက်မှတ်နဲ့ ဝင်လာကြပြီး လူကုန်ကူးသူတွေက သူတို့ကို ကားနဲ့ လာခေါ်ပြီးနောက် တောထဲမှာ ထားပစ်ခဲ့တာလို့ ပြောပါတယ်။

လတ်တလော ရနောင်းဒေသတစ်ဝိုက်မှာ စစ်ဆေးရေးတင်းကျပ်ထားတာကြောင့် ဖမ်းဆီးခံရမှာကို စိုးရိမ်ပြီး လူကုန်ကူးသူတွေက သူတို့ကို ချွန်ဖွန်ခရိုင်ကို သွားတဲ့လမ်းမှာ ထားပစ်ခဲ့တာဖြစ်ပုံရတယ်လို့ အာဏာပိုင်တွေက ယူဆပါတယ်။

လက်ရှိမှာတော့ သူတို့ကိုးယောက်ထဲက လူကြီးငါးယောက်ကို တရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုနဲ့ ဥပဒေအတိုင်း ဆောင်ရွက်ဖို့ ကပိုးရဲစခန်းကို လွှဲပြောင်းပေးလိုက်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org